အရှေ့အလယ်ပိုင်းနဲ့ နိုင်ငံတကာ ခြိမ်းခြောက် ခံရ

  • 24 ဩဂုတ် 2014
   zarif_geneva Image copyright AP
Image caption အီရန်နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif

ဆီးရီးယား၊ အီရပ် အပါအဝင် အရှေ့ အလယ်ပိုင်းဒေသ မှာ အစ္စလာမ်မစ် နိုင်ငံတော် အိုင်အက်စ် အဖွဲ့ ရဲ့ ခြိမ်းခြောက်မှု တွေ ဟာ တနေ့ထက် တနေ့ ပိုပြီး ဆိုးလာတဲ့ အတွက် မနေ့ က ဆိုရင်၊ ဆော်ဝ်ဒီ အာရေဗျ နိုင်ငံ ဂျက်ဒါ မြို့မှာ အရေးပေါ် အစည်းအဝေး တရပ် ကျင်းပပါတယ်။

ဒီ အစည်းအဝေး ကို အီဂျစ်၊ ဂျော်ဒန်၊ ကာတာ နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု က နိုင်ငံခြားရေး ဝန်ကြီးတွေ၊ တက်ရောက်ကြပြီး အစ္စလာမစ် နိုင်ငံတော် အဖွဲ့ ရဲ့ တိုက်ခိုက်မှု တွေ ကို တွန်းလှန် နိုင်ရေး နဲ့ ကာကွယ်ရေးတွေ ဆွေးနွေးကြပါတယ်။ ဆီးရီးယား ရဲ့ ပြည်တွင်းစစ် ကလည်း မပြီးသေးတဲ့ အတွက်၊ ဒီ အရေး ကို လည်း နိုင်ငံရေး အရ ဖြေရှင်း ဖို့ ၊ ပိုမို လိုအပ်လာတဲ့ အကြောင်း အီဂျစ် နိုင်ငံခြားရေး ဝန်ကြီး ကလည်း ပြောပါတယ်။

အီရပ်နိုင်ငံ ဘက်ဂ်ဒက်မြို့မှာလည်း ဝန်ကြီးချုပ်သစ် ဟိုင်ဒါ အယ်လ် အဘာဒီ က အီရပ် အရေး မှာ အဓိကကျတဲ့၊ အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ် နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီအခါမှာ အီရန်နိုင်ငံခြားရေး ဝန်ကြီး ကလည်း အစ္စလမ်မစ် နိုင်ငံတော် အဖွဲ့ ဟာ ဒေသ တခုလုံး ကို ခြိမ်းခြောက်နေပြီ လို့ ပြောပါတယ်။

အီရန် အနေနဲ့ ဒေသတွင်းရှိ အစိုးရ တွေ နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ ရှိနေတဲ့ အကြောင်း၊ အီရပ် အစိုးရ၊ ကားဒစ်ရှ် အစိုးရ အပါအဝင် ဖြစ်တယ် လို့ ဆိုပါတယ်။ အစ္စလာမ်မစ် နိုင်ငံတော် အိုင်အက်စ် အဖွဲ့ ဟာ အီရပ်ကဒ်စ် တွေ နဲ့ ရှီယား တွေ၊ ဆွန်နီ တွေ အပေါ် ရက်ရက်စက်စက် ကျူးလွန် သတ်ဖြတ်နေတဲ့ အပြင်၊ ဒေသ တခုလုံး နဲ့ နိုင်ငံတကာ အသိုင်းအဝန်း ကိုပါ ခြိမ်းခြောက်တဲ့ အသွင်ဆောင် လာလို့ ဒါကို ဘယ်လို တွန်းလှန် ကြမှာ လည်း ဆိုတာ ကို လေးလေးနက်နက် စဉ်းစား ကြဖို့ ပြောပါတယ်။