အစ္စလမ်မစ်နိုင်ငံအဖွဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှု ကုလ ရှုတ်ချ

  • 25 ဩဂုတ် 2014
ဓာတ်ပုံ မူပိုင် Reuters

အီရတ်မှာ ကိုယ်ကိုကိုယ် အစ္စလမ်မစ် နိုင်ငံထူထောင်သူအဖွဲ့လို့ ပြောနေကြသူတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေရဲ့ ထိတ်လန့်တုန်လှုပ်စရာ လူ့အခွင့်အရေး စနစ်တကျ ချိုးဖေါက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး နာဗီပီလေးက ပြောကြားလိုက်ပြီး အဲဒီလုပ်ရပ်တွေကို ရှုတ်ချလိုက်ပါတယ်။

အဲဒီအဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေမှာ လူမျိုးစုနဲ့ ဘာသာရေးဆိုင်ရာ မျိုးတုံးအောင် ကြမ်းကြုတ်တဲ့ သုတ်သင်မှုတွေကို လုပ်ဆောင်နေကြတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လမှာ မိုဆူးလ် အကျဉ်းထောင်တခုက ခေါ်ယူသွားတဲ့ ထောင်သား ၆ရ၀ ကို သွေးသွေးအေးအေးနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ လည်း ပြောပါတယ်။

ဆွန်နီမွတ်ဆလင် မဟုတ်သူတွေကို သတ်သတ်ဖယ်ထုတ်ပြီး စော်ကားသတ်ဖြတ်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။