ယူကရိန်းနယ်ထဲ ရုရှစစ်သားတွေ ဖမ်းမိ

  • 25 ဩဂုတ် 2014
russian_troops_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှတပ် ယူကရိန်းထဲ ဝင်လာစဉ်

ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှဲန်ကိုဟာ၊ ယူကရိန်း ရဲ့ လက်ရှိ ပါလီမန်ကို ဖျက်သိမ်း ပစ်လိုက်ပြီး၊ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။

ယူကရိန်း နိုင်ငံမှာ၊ ညွန့်ပေါင်းဖွဲ့ထား တဲ့ အစိုးရ ပြိုကွဲနေခဲ့ တာ၊ သီတင်းပတ် အတော် ကြာနေပြီ ဖြစ်တဲ့အတွက်၊ သူ့ရဲ့ လုပ်ဆောင်မှု ဟာ၊ ဖွဲ့စည်းပုံ ဥပဒေ နဲ့ ကိုက်ညီကြောင်း၊ မစ္စတာ ပိုရိုရှဲန်ကို က ဆိုပါတယ်။

ပါလီမန် ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာ ၂၆ ရက်နေ့မှာ ကျင်းပသွားမယ့် အကြောင်းလည်း မစ္စတာ ပိုရိုရှဲန်ကိုက ပြောခဲ့ပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်း နယ်တွေမှာ၊ ရုရှား လိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ အစိုးရတပ်တွေ အကြား၊ တိုက်ပွဲတွေ ပြင်းထန် နေချိန်မှာပဲ၊ ဒီလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

တနင်္လာနေ့ အစောပိုင်း တုန်းက ပဲ၊ ခွဲထွက်ရေး သူပုန်တွေ ထိန်းချူပ်ထား ရာ၊ ယူကရိန်း အရှေ့ဘက်နယ် ထဲ၊ ရုရှားဘက်ကနေ ဝင်ရောက်လာ တဲ့၊ သံချပ်ကာ တင့်ကား ယာဉ်တန်းတွေ နဲ့၊ ယူကရိန်း အစိုးရ တပ်တွေ အကြား၊ တိုက်ပွဲတွေ ဖြစ်ခဲ့တယ် ဆိုပြီး၊ ယူကရိန်း အစိုးရက ပြောထားပါ တယ်။

အခုနောက်ဆုံး ယူကရိန်း စစ်ဘက်က ကြေညာ လိုက်တာ ကတော့၊ ရုရှား လေကြောင်း တပ်မ ၉၈ ရဲ့ လက်အောက်ခံ၊ စစ်မှုထမ်း ၁၀ ဦးကို၊ ခွဲထွက်ရေး သူပုန်တွေ ထိန်းချူပ်ထားရာ ဒွန်းညက်စ်မြို့ အရှေ့တောင်ဘက်မှာ ရှိတဲ့၊ ရွာ တစ်ရွာ အနီးမှာ ဖမ်းမိထားတယ် လို့ ဆိုပါတယ်။

ဒါဟာ၊ ရုရှား အစိုးရ အမြဲတမ်း စစ်တပ်ရဲ့ စစ်သားတွေကို၊ ဖမ်းဆီးရမိကြောင်း၊ ယူကရိန်းဘက်က ပထမဆုံး ပြောဆိုမှု ဖြစ်ပါတယ်။ ရုရှားဘက်ကတော့ ယူကရိန်း အရှေ့ဘက်ခြမ်း ပြည်တွင်းစစ်ထဲမှာ၊ စစ်ရေးအရ စွက်ဖက်မှု မလုပ်ကြောင်း၊ ထပ်ပြန်တလဲလဲ ငြင်းဆန်ထားပါ တယ်။