လုံခြုံရေး ကောင်စီမှာ ယူကရိန်း ပြဿနာ အရေးပေါ်ဆွေးနွေး

  • 29 ဩဂုတ် 2014
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး

ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေနဲ့အတူ ရုရှားစစ်သား ၁၀၀၀လောက် ပါဝင်တိုက်ခိုက်နေတယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။ ယူကရိန်း နိုင်ငံနယ်နိမိတ်ထဲကို ရုရှားစစ်တပ် ဝင်ရောက်ကျူးကျော်မှုဟာ အလွန်အရေးကြီးတဲ့အခြေအနေအဖြစ် ယူကရိန်းသမ္မတက လုံခြုံရေး အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒီစွပ်စွဲချက်တွေကို ရုရှားဘက်က ငြင်းဆန်လိုက်ပါတယ်။

ဒီအကျပ်အတည်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်နဲ့ ဗြိတိန်သံအမတ်တွေက ရုရှားပါဝင်မှုကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန် ရှုတ်ချလိုက်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းဒေသမှာ အခြေအနေပိုဆိုးလာတာကို ထိတ်လန့်တုန်လှုပ်တယ်လို့ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်ကပြောကြောင်း သူ့ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗီတာလီချာကင်ကတော့ ယူကရိန်းအစိုးရက သူ့လူတွေကို ပြန်စစ်ခင်းနေပြီး သူတို့ကျင့်သုံးတဲ့ ပေါ်လစီရဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

နောက်တပါတ်မှာ လုပ်မယ့်နေတိုး ထိပ်သီး အစည်းအဝေးကိုသမ္မတအိုဘားမား တက်ရောက်မှာဖြစ်ပြီး ရုရှားကို နိုင်ငံတကာကဝိုင်းကျဉ်ထားကြပြီလို့ သတိပေးလိုက်ပါတယ်။

အခုအခါ ရုရှားက ဘာဆက်လုပ်မလဲဆိုတာ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ ရုရှားစစ်တပ်က ယူကရိန်းမှာ တိုက်ရိုက် ပါဝင်လာမယ်ဆိုရင် လူသားချင်း စာနာတဲ့အနေနဲ့ ဝင်ရောက် စွက်ဖက်ရတာဆိုပြီး ရုရှားကငြိမ်းချမ်းရေး တည်ဆောက်တဲ့ တပ်ဖွဲ့မျိုး ထားလာမှာ စိုးရိမ်စရာ ရှိကြောင်း ဗြိတိန်ရှိ ပဋိပက္ခ လေ့လာရေးဌာနမှ ကီယာဂျိုင်းက သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ