ပါကစ္စတန်မှာ ရဲနဲ့ ဆန္ဒပြသူကြား အဓိကရုဏ်းဖြစ်

  • 31 ဩဂုတ် 2014
Pakistan Image copyright AP
Image caption ဆန္ဒပြမှုတွေ ဖြစ်နေတာ သတင်းနှစ်ပတ်ရှိပြီ

ပါကစ္စတန်မြို့တော် အစ္စလာမ် မာဘတ်မှာ ထောင်နဲ့ချီတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် နဝပ်ဇ် ရှာရစ်ဖ်ရဲ့ နေအိမ်ဆီကို ချီတက် သွားနေတုန်း ရဲနဲ့ ဆန္ဒပြ သူတွေကြား အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေ ဝန်ကြီးချုပ်ရဲ့အိမ်ထိ မသွားနိုင်အောင် ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ပြီး တားဆီး နှိမ်နင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေ အများအပြားကလည်း တုတ်တွေ၊ ခဲတွေကိုင်ထားပြီး ရဲတွေကိုလည်း ပစ်ပေါက်ခဲ့ပါတယ်။

ဆန္ဒပြ ခေါင်ဆောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ တာဟီယား အာ ကာ့ဒရီက သူရရှိတဲ့ သတင်းတွေအရ အဓိကရုဏ်းကြောင့် လူ ၇ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းအတွင်း လူ အတော်များများ ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ ရဲတွေလည်း ပါဝင်ပါတယ်။

ဆန္ဒပြသူတွေကို ဦးဆောင်တဲ့သူကတော့ ဒေါက်တာ ကာ့ဒရီအပြင် အတိုက်အခံ ခေါင်းဆောင် အင်မရန်ခန်း လည်း ပါဝင်ပါတယ်။

အစိုးရတွင်းမှာ အကျင့်ပျက်ခြစားမှုတွေရှိတယ်၊ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အစိုးရနှုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ပါကစ္စတန် အစိုးရဝန်ကြီးတစ်ဦးက ပြောကြားရာမှာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အစိုးရနဲ့ ဆန္ဒပြသူတွေကြား ပြေလည်နိုင်ရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးပြောဆိုပြီး ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်သေးဘူးလို့ ပြောပါတယ်။

သောကြာနေ့တုန်းကလည်း ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရာဟီးလ် ရာရစ်ဖ်က နှစ်ဘက် စေ့စပ်နိုင်ဖို့ ကြားဝင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆန္ဒပြခေါင်းဆောင်တွေဘက်ကတော့ သူတို့ဟာ ဝန်ကြီးချုပ် မနှုတ်ထွက်မချင်း ဆန္ဒပြတာတွေကို ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။