ယူကရိန်းတောင်ဖက် ပြည်နယ်ပေးဖို့ ရုရှချပြ

  • 31 ဩဂုတ် 2014
_putin_tv_304x171_afp_ ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတပူတင် ရုပ်သံမှ မေးမြန်းခန်းဖြေ

ရုရှအနေနဲ့ ယူကရိန်းအပေါ် စစ်ဆင်၊ စစ်ပြင်နေမှု တွေ ကို တပတ် အတွင်း၊ နောက်ကြောင်း ပြန် မလှည့် ရင်၊ ဥရောပ သမဂ္ဂ ဘက် ကနေ ဒဏ်ခတ် ပိတ်ဆို့မှု ထပ်မံ ပြုမယ် လို့ ပြောတဲ့ အပေါ်မှာ ရုရှသမ္မတပူတင် က ရုပ်မြင်သံကြား ကနေ တုံ့ပြန် လိုက်ပါတယ်။

အခုလို ရုရှသမ္မတ ပူတင် က အာရုံပြောင်းအောင်၊ လှည့်ပတ် ပြောဆိုမှု ကို မော်စကို မှ ဘီဘီစီ သတင်းထောက် စတိဖ် ရိုဆင်းဘဂ် သုံးသပ် ပြတာ ကတော့၊ ယူကရိန်းဘက် က စစ်ဆင်မှု ကို ရပ်ဆိုင်းအောင်၊ ဖိအားပေးလိုက်တာ လို ပြောပါတယ်။

သမ္မတ ပူတင် က ဥရောပ သမဂ္ဂ၊ ယူကရိန်း နဲ့ နောက်ထပ် မတွေ့ခင်မှာ ပြောလိုက်တဲ့ အခါမှာ၊ အဓိပ္ပါယ် လေးနက်၊ သက်ရောက်မှု ရှိတဲ့ ဆွေးနွေး ပြောဆိုမှု ကို အမြန်ဆုံးစတင် ဖို့ လိုတဲ့ အကြောင်း၊ ဒီအခါ မှာ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ နဲ့ ယူကရိန်းတောင်ပိုင်း မှာ နေထိုင်သူတွေ ရဲ့ ဘဝ ကို ချွင်းချက် မရှိ တရားဝင် နေထိုင်နိုင်တဲ့ ပြည်နယ် ထူထောင်ပေးဖို့ လိုတယ် လို့ ဆိုသွားတာပါ။ ဒါမှသာ ဒေသတွင်း အငြင်းပွား တိုက်ပွဲတွေ အဆုံးသတ်နိုင်မယ် လို့ ရုရှ ရုပ်မြင်သံကြား မေးမြန်းခန်း မှာ ထည့်သွင်း ပြောသွားတာပါ။

သူဆိုလိုတဲ့ သဘော က ယူကရိန်း အရှေ့တောင်ပိုင်းဒေသ ကို ယူကရိန်းနိုင်ငံထဲက ခွဲထွက်ပြီး၊ လွတ်လပ်ရေး တောင်းဆိုစေတဲ့ သဘော လို့ သုံးသပ်နိုင်ကြောင်း၊ သတင်းထောက် စတိဖ် ရိုဆင်းဘဂ် က ပြောပါတယ်။ ယူကရိန်း ကို အစိတ်စိတ်အမွှာမွှာ ကွဲအောင် လုပ်နေတဲ့ အသွင်လည်း ဆောင်စေပါတယ်။ရုရှ စစ်တပ်တွေ ဒီနယ်မြေတွေဘက် ကျူးကျော် တိုက်ခိုက်နေခြင်း ဟာ သမ္မတပူတင် ရဲ့ အကြံအစည် ကို အထောက်အကူ ပြုစေတဲ့ လုပ်ရပ်တွေ ဖြစ်နေပါတယ်။

ဒါပေမဲ့၊ ဒီ အကြံအစည် ဟာ ချက်ချင်းတော့ ဖြစ်မလာသေးပါဘူး၊ သို့ပေမဲ့လည်း ရုရှ အနေနဲ့ ယူကရိန်းအပေါ် သြဇာလွှမ်းမိုးနိုင်အောင်၊ တနည်း မဟုတ် တနည်းနဲ့တော့ ဥပါယ်တံမျဉ် နဲ့ စစ်ထိုးနေမှာပါ။ ယုတ်စွ အဆုံး နေတိုး အဖွဲ့ထဲ ယူကရိန်း မဝင်အောင် ဟန့်တား နေတာပါ။

ဒါ့အပြင်၊ ရုရှလိုလားတဲ့ ခွဲထွက်ရေး သူပုန် အုပ်စု အနေနဲ့ ယူကရိန်းနဲ့ စစ်ဆင်ရေး မှာ မရှုံးနိမ့်စေဖို့ လည်း ပါဝင်ပါတယ်။ ဒါကြောင့်မို့၊ အရှေ့တောင်ပိုင်းနေ လူထု ကို ပြည်နယ် ထူထောင်ပေးသင့်တယ်၊ သူပုန်တွေ နဲ့ တွေ့ဆုံ ဆွေးနွေးသင့်တယ် ဆိုတဲ့ စကားလုံးတွေ ထုတ်သုံးလိုက်တဲ့ အကြောင်း၊ မော်စကို မှ ဘီဘီစီ သတင်းထောက် စတိဖ် ရိုဆင်းဘဂ် က ထောက်ပြသွားပါတယ်။