ကုလ လူ့အခွင့်အရေးကောင်စီက IS ပြစ်မှု စုံစမ်း

  • 1 စက်တင်ဘာ 2014
unhrc_12_304x17 ဓာတ်ပုံ မူပိုင် UNHRC
Image caption ကုလလူ့အခွင့်အရေး ကောင်စီ အစည်းအဝေး

မနေ့တုန်း က ဂျီနီဗာ မြို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ အရေးပေါ် အစည်းအဝေး တရပ် ခေါ်ယူပြီး၊ IS ခေါ် အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ဟာ လူမဆန်တဲ့ ရာဇဝတ်မှု တွေ အလွန် အမင်း ကျူးလွန် နေကြောင်း ထုတ်ဖေါ်ပြောလိုက်ပါတယ်။

ဒါဆိုရင် ကုလသမဂ္ဂ အနေနဲ့ ဘယ် လို အရေးယူ ဆောင်ရွက်သင့်ပါသလည်း။ လောလောဆယ် အနေအထားမှာIS ခေါ် အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု တွေ ကို စုံစမ်း စစ်ဆေး ဖို့ အရေးပေါ် မစ်ရှင် အဖွဲ့ ကို အီရပ်နိုင်ငံ ကို စေလွှတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ က ဆုံးဖြတ်လိုက်ပါတယ်။

အထူးသဖြင့် ခရစ်ယန်ဘာသာဝင်တွေ၊ ယာဇာဒီ မျိုးနွယ်စုတွေ နဲ့ တခြားလူနည်းစု တွေ အပေါ် IS အဖွဲ့ဝင်တွေ ရက်စက်စွာ သတ်ဖြတ်နေမှု အပေါ်မှာ အလွန်အမင်း စိတ်ပူပင်ကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး ဖလပ်ဗရာ ပင်ဆီယာရီ က ပြောပါတယ်။

IS အဖွဲ့ဝင်တွေ ဟာ ဘာသာကွဲ လူမျိုးစုတွေ အပေါ်မှာ စနစ်တကျ နဲ့ ရည်ရွယ်ချက် ထားပြီး ရက်ရက်စက်စက် နှိပ်ကွပ် သတ်ဖြတ်နေမှုတွေ ဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား နေတာ တွေ့ရတဲ့ အကြောင်း၊ ဒီလူနည်းစု တွေ ရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ နေထိုင်ခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေး တွေ ကို ပြောင်ပြောင်တင်းတင်း ဖေါက်ဖျက်နေလို့၊ ဒီလူတွေ ဟာ ကဆင့်ကလျားနဲ့ သူတို့ရန် က ဝေးအောင်၊ ပုန်းအောင်း ရှောင်တိမ်းနေရပါတယ်။ ဒါဟာ လူ့သိက္ခာ၊ လူ့အခွင့်အရေး ကို လူမဆန်စွာ ကျူးလွန်နေတာပါ လို့ ပြောသွားတာပါ။

အခုဆိုရင် လူပေါင်း တသန်းကျော် ဟာ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂေဘရီရယ်လ် ဂိတ်ဟောက်စ် ကလည်း အီရပ်နိုင်ငံအရှေ့မြောက်ဖက် အမာရ်လီမြို့ ကနေ သတင်းပို့လိုက်ပါတယ်။ အမာရ်လီမြို့ အနီးမှာ ရှီးယား တပ်ခ်မင် လူမျိုးစု တွေ သောင်းနဲ့ ချီပြီး IS အဖွဲ့ဝင်တွေ ရဲ့ ဝိုင်းရံ ပိတ်ဆို့မှု ခံနေရတာ ရက်အတန်ကြာနေပြီးမှ၊ အီရပ် တပ်ဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကမှ IS အဖွဲ့ဝင်တွေ ကို တိုက်ထုတ် နိုင်ခဲ့လို့ လွတ်မြောက်သွားကြပါတယ်။

လူ့အခွင့်အရေး ဆိုင်ရာ အီရပ် ဝန်ကြီး မိုဟာမက် ရှီယား အယ်လ် ဆူဒါနီ ကလည်း သူ့နိုင်ငံ ဟာ အကြမ်းဖက် မကောင်း ဆိုးဝါးတွေ ရဲ့ ဒဏ် ခံနေရလို့ နိုင်ငံတကာ ကို အကူအညီ တောင်းလိုက်ပါတယ်။

ဒီအကြမ်းဖက် IS အဖွဲ့ဝင်တွေ ဟာ အီရပ်နိုင်ငံ တခုတည်း ကို နှိပ်စက်ညှဉ်းပန်းနေတာ မဟုတ်ပါဘူး၊ တကမ္ဘာ လုံးရဲ့ တည်ငြိမ်အေးချမ်းမှု ကို ထိပါးနေတာပါ။ ဒါကြောင့် နိုင်ငံ တကာအနေနဲ့ လူသားတွေ ရဲ့ ဂုဏ်သိက္ခာ၊ လူ့တန်ဖိုး စတာတွေ ကို အလေးထားတဲ့ အနေနဲ့ ဝိုင်းဝန်းကူညီကြပါ လို့ ပြောသွားတာပါ။

လောလောဆယ်၊ ပြင်သစ် က ကူမယ် လို့ ဆိုသလို၊ အမေရိကန် ကလည်း ပြီးခဲ့တဲ့ လကုန်ရက် ကဘဲ၊ အီရပ်မြောက်ဖက် ဒေသတွေမှာ လေယာဉ်တွေကတဆင့် လိုအပ်တဲ့ ဆေးဝါး၊ စားနပ်ရိက္ခာတွေ ချပေးလိုက်ပါတယ်။