အပစ်ရပ်ဖို့ ယူကရိန်းနဲ့ ရုရှား လုပ်ငန်းစမယ်

  • 3 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လက်နက် အကြွင်းအကျန် သိမ်းနေတဲ့ ယူကရိန်း ရဲတစ်ဦး

ယူကရိန်း အရှေ့ပိုင်းမှာ အပစ်အခတ် ရပ်စဲရေးအတွက် လုပ်ငန်း အဆင့်ဆင့်ကို စတင်ဖို့ ရုရှ သမ္မတ ပူတင်နဲ့ နှစ်ဘက် သဘော တူညီမှု ရခဲ့ပြီလို့ ယူကရိန်း သမ္မတ ပေထရို ပိုရို ရှန်ကို က ကြေညာ လိုက်ပါတယ်။

အစောပိုင်းက ပိုရို ရှန်ကိုရဲ့ ဝက်ဘ်ဆိုက်မှာ ထာဝရ အပစ်ရပ်စဲဖို့ သမ္မတ နှစ်ဦး သဘော တူညီခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါကို ရုရှဘက်က ပဋိပက္ခမှာ သူတို့ ကိုယ်တိုင် ပါဝင်တာ မဟုတ်လို့ အပစ်ရပ်စဲရေး ဆိုတဲ့ အသုံးအနှုန်းကို သဘောမတူ နိုင်ကြောင်း ကန့်ကွက်လို့ ပြင်ဆင် ပေးခဲ့ရပါတယ်။

ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ် နဲ့ လူဟန့်စ် ဒေသတွေက သူပုန်တွေ ကတော့ ယူကရိန်း အစိုးရတပ်တွေ ထွက်မသွားမချင်း အပစ်ရပ်မှာ မဟုတ်ဘူးလို့ပဲ ပြောပါတယ်။

တချိန်တည်းမှာ အက်စတိုးနီးယား နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားက ရုရှား အနေနဲ့ သူ့တပ်တွေနဲ့ သံချပ်ကာ ကားတွေကို ခွဲထွက်ရေး သူပုန်တွေ ယောင်ဆောင်ပြီး ဆက်ပို့ နေသေးသရွေ့ ယူကရိန်း ပဋိပက္ခကို ဖြေရှင်းလို့ ရမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ရုရှားက နိုင်ငံတကာ ဥပဒေတွေ ဆက်ပြီး ချိုးဖောက် နေမယ် ဆိုရင် အနောက် အုပ်စုရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေနဲ့ ဆက်ပြီး ရင်ဆိုင် ရလိမ့်မယ် လို့လည်း မစ္စတာ အိုဘားမားက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ