IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ

  • 16 စက်တင်ဘာ 2014

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာဘာလဲ ဘယ်သူတွေလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစ္စလာမ္မစ်နိုင်ငံအဖွဲ့ တပ်သားတွေ

IS အစ္စလာမ္မစ်နိုင်ငံအဖွဲ့ ဆိုတာက အစွန်းရောက် အစ္စလာမ္မစ်အဖွဲ့တဖွဲ့ ဖြစ်ပြီး ဆီးရီးယား အရှေ့ပိုင်း၊ အီရတ် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတလျှောက် နယ်မြေအတော်များများကို သိမ်းယူထိန်းချုပ်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

လူအများအမြောက် သတ်ဖြတ်မှုတွေ၊ သာသာရေးလူနည်းစု၊ တိုင်းရင်းသား လူနည်းစုတွေကို အတင်းအဓ္ဓမ ဖမ်းဆီးခေါ်ဆောင်တာတွေ နဲ့ စစ်သားတွေ သတင်းသမားတွေကို ခေါင်းဖြတ်သတ်ဖြတ်မှုတွေ အပါအဝင် သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကြောင့် ကမ္ဘာတဝန်း ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့အတူ စိတ်ဆိုးဒေါသထွက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကြောင့်လည်း အမေရိကန်တို့ရဲ့ စစ်ရေး ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်လာခဲ့ရပါတယ်။

အိုင်အက်စ်တို့ ဘာကိုလိုချင်တာလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုင်အက်စ်ခေါင်းဆောင် အဘူဘာကာ ဘက်ဒါဒီ

အိုင်အက်စ် အဖွဲ့ရဲ့ ရည်ရွယ်ချက်က တဦးတည်းသော နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်က ရှာရီယာ အစ္စလာမ္မစ်ဥပဒေကို ကျင့်သုံးအုပ်ချုပ်တဲ့ သူတို့အခေါ် caliphate လို့ ခေါ်တဲ့ အစ္စလာမ္မစ် နိုင်ငံကို ထူထောင်ဖို့ ဖြစ်ပါတယ်။

လောလောဆယ် သူတို့ရဲ့ အင်အားဟာ အီရတ်နဲ့ ဆီရီးယားမှာပဲ ရှိနေပေမယ့် အိုင်အက်စ်တို့က နယ်စပ်တွေကို ဖြတ်ကျော်ပြီး ဂျော်ဒန်နဲ့ လက်ဘနွန်တွေအထိ သူတို့အင်အားကို ဖြန့်ကျက်ကာ ပါလက်စတိုင်းကို လွတ်မြောက်အောင် လုပ်မယ်လို့ ဂတိပြုထားပါတယ်။

ဒီလို ဂတိစကားဟာ ကမ္ဘာတဝန်းမှာရှိတဲ့ မွတ်ဆလင်တွေရဲ့ ထောက်ခံမှုရအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

နောက်ပြီး သူတို့ရဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi.အဘူ ဘာကာ အဲ ဘက်ဒါဒီ ကို သစ္စာခံကြဖို့ အိုင်အက်စ်တို့က တောင်းဆိုနေကြပါတယ်။

အိုင်အက်စ် အစ ဘယ်ကလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဇာကာဝီ စထူထောင်စဉ်ကတည်းက သူတို့ရဲ့ နည်းလမ်းတွေကို အယ်လ်ကိုင်ဒါးက ဝေဖန်ခဲ့

အိုင်အက်စ်ရဲ့ ဇစ်မြစ်ကို ခြေရာခံမယ်ဆိုရင် ကွယ်လွန်သူ ဂျော်ဒန်နိုင်ငံသား အဘူ မူဆာဘ် အဲ ဇာကာဝီ ၂၀၀၂ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ တော်ဟစ် ဝါအဲ ဂျီဟတ်အဖွဲ့ဟာ အိုင်အက်စ်ရဲ့ အစလို့ ပြောနိုင်ပါတယ်။

အီရတ်ကို အမေရိကန်တို့ ဦးဆောင်တဲ့ နိုင်ငံတကာတပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး တနှစ်အကြာမှာ မစ္စတာ ဇာကာဝီဟာ အယ်လ်ကိုင်ဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သစ္စာခံပြီး အီရတ်မှာ AQI လို့ ခေါ်တဲ့ အီရတ်အယ်လ်ကိုင်ဒါး အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ ဒီအဖွဲ့က အဲဒီအချိန်ကစလို့ အီရတ်မှာ နိုင်ငံတကာတပ်ဖွဲ့တွေကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ အဓိကကျတဲ့ အင်အားစု ဖြစ်လာခဲ့ပါတယ်။

မစ္စတာ ဇာကာဝီ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ်မှာ AQI အဖွဲ့ဟာ တခြားအဖွဲ့တွေကို စုစည်းပြီး အိုင်အက်စ်အိုင် လို့ ခေါ်တဲ့ Islamic State in Iraq (ISI) အီရတ် အစ္စလာမ္မစ် နိုင်ငံအဖွဲ့ ကို ထူထောင်ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ အိုင်အက်စ်အိုင်ရဲ့ ရက်စက်မှုတွေကို မကြိုက်ကြတဲ့ ဆွန်နီ အာရပ်မျိုးနွယ်စုတွေက Sahwa ရှဝါကောင်စီဆိုတာကို သီခြားဖွဲ့စည်းခဲ့ကြတာတွေကြောင့် အိုင်အက်စ်အိုင်ရဲ့ အင်အားဟာ တဖြေးဖြေးလျော့နည်းသွားခဲ့ပါတယ်။

၂၀၁၀ခုနှစ်မှာ အဘူ ဘာကာ အဲ ဘက်ဒါဒီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက် သူဟာ အိုင်အက်စ်အိုင်ရဲ့ အင်အားကို ပြန်တည်ဆောက်ယူခဲ့ပါတယ်။

၂၀၁၃ နှစ်ကစလို့ အိုင်အက်စ်အိုင်ဟာ အီရတ်မှာ တလကို တိုက်ခိုက်မှုတွေ အတော်များများ ပြန်လုပ်လာနိုင်ခဲ့ပါတယ်။ နောက်ပြီး အိုင်အက်စ်အိုင်ဟာ ဆီရီးယားက သမ္မတ ဘာရှာ အဲ အာဆတ်ကို ဆန်ကျင်တိုက်ခိုက်မှုမှာ ပူးပေါင်းပါဝင်လာခဲ့ပြီး al-Nusra အဲ နုဆရာ တပ်ဦးကို ဖွဲ့စည်းခဲ့ပါတယ်။

၂၀၁၃ ဧပြီလမှာတော့ ဘာဂါဒီဟာ အီရတ်နဲ့ ဆီရီးယားမှာရှိတဲ့ သူ့ရဲ့ တပ်တွေကို ပေါင်းပြီး ISIS အိုင်စစ်လို့ ခေါ်တဲ့ အီရတ်နဲ့ လဲဗန့်ဒေသဆိုင်ရာ အစ္စလာမ္မစ် အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။

လဲဗန့်ဒေသဆိုတာကတော့ ဆီရီးယား၊ လက်ဘနွန်၊ အစ္စရေး၊ ပါလက်စတိုင်း၊ ဂျော်ဒန်နဲ့ ဆိုက်ပရပ် နိုင်ငံတွေပါတဲ့ ဒေသဖြစ်ပါတယ်။

ဒီလို အိုင်စစ်ဖွဲ့စည်းတာကို al-Nusra အဲ နုဆရာ တပ်ဦးနဲ့ အယ်လ်ကိုင်ဒါး ခေါင်းဆောင်တွေ လက်မခံကြပါဘူး။

ဒါပေမယ့် ဘက်ဒါဒီကို သစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေက အဲ နုဆရာ ကခွဲထွက်ပြီး အိုင်စစ် ဆီရီးယားနိုင်ငံထဲမှာ ဆက်လက်ရှင်သန်အောင် ပံ့ပိုးကူညီခဲ့ကြပါတယ်။

၂၀၁၃ ဒီဇင်ဘာလအကုန်မှာ အိုင်စစ်ဟာ အီရတ်ကို ပြန်အာရုံစိုက်ပြီး ရှီအိုက်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ ဆွန်နီအာရပ် လူနည်းစုတွေကြား နိုင်ငံရေးတင်းမာမှုကို ကောင်းကောင်း အသုံးချပါတော့တယ်။

ဒီနောက်မှာ အိုင်စစ်အဖွဲ့ဟာ မျိုးနွယ်စုတွေရဲ့ အထောက်အကူနဲ့ အီရတ်နိုင်ငံအလယ်ပိုင်းက ဖါလူဂျာ မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

၂၀၁၄ ဇွန်လမှာ အိုင်စစ်တို့ဟာ အီရတ်မြောက်ပိုင်းက မိုဆူးလ် မြို့ကို ဝင်သိမ်းလိုက်ပြီး အဲဒီကနေ တောင်ဘက်မှာရှိတဲ့ ဘဂ္ဂဒက်မြို့တော်ဆီ ရှေ့တိုးချီတက်လာခဲ့ကြပါတယ်။

ဇွန်လအကုန်မှာ မြို့ကြီး မြို့ငယ်အတော်များများကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် အင်အားတွေကိုစုစည်းကာ အစ္စလာမ္မစ်နိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပြီး သူတို့ အိုင်စစ်အဖွဲ့ကိုလည်း အိုင် အက်စ် အစ္စလာမ္မစ်နိုင်ငံအဖွဲ့လို့ အမည်ပြောင်းခဲ့ပါတယ်။

နယ်မြေဘယ်လောက်များများ အိုင်အက်စ်တို့ ထိန်းချုပ်ထားသလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အထူးသဖြင့် အီရတ်က ယာဇီဒီဘာသာရေး လူနည်းစုတွေကို အိုင်အက်စ် ပစ်မှတ်ထားခဲ့

အိုင်အက်စ်နဲ့ သူတို့ရဲ့ မဟာမိတ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ အီရတ်နဲ့ ဆီရီးယားနိုင်ငံပေါင်း စတုရန်းမိုင်ပေါင်း ၁၅၀၀၀ လောက်ရှိတယ်လို့ တချို့က ခန့်မှန်းကြပါတယ်။ ဒါဟာ အကြမ်းအားဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံ အရွယ်အစားလောက်ရှိပါတယ်။

တချို့ကလည်း ဂျော်ဒန်နိုင်ငံ အရွယ် စတုရန်းမိုင် ၃၅၀၀၀ လောက်လို့ ပြောကြပါတယ်။

သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ အီရတ်က မိုဆူးလ်၊တီကရစ်၊ဖါလူဂျာနဲ့ တယ်လ်အာဖါ မြို့တွေ နဲ့ ဆီရီးယားက ရေနံတွင်းတွေ၊ ဆည်ကြီးတွေ၊ အဓိက လမ်းမကြီးတွေနဲ့ နယ်စပ်ဖြတ်စခန်းတွေရှိတဲ့ Raqqa ရက္ကာမြို့တို့ပါဝင်ပါတယ်။

အိုင်အက်စ်တို့ရဲ့ အပြည့်အဝ ဒါမှမဟုတ် တစိတ်တပိုင်း ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ လူဉီးရေက ၈ သန်းလောက်ရှိမယ်လို့ ယူဆရပါတယ်။

အဲဒီနယ်မြေတွေမှာ အိုင်အက်စ်တို့ဟာ တင်းကြပ်တဲ့ ရှရီယာဥပဒေကိုပြဌာန်းအုပ်ချုပ်နေပြီး အမျိုးသမီးတွေကို အတင်းအကျပ် ခေါင်းမီးခြုံခိုင်းတာတွေ၊ မွတ်ဆလင်မဟုတ်သူတွေကို အထူးအခွန်ဆိုပြီးဆောင်ခိုင်းတာတွေ ဒါမှမဟုတ် အတင်းအဓ္ဓမ ဘာသာပြောင်းခိုင်းတာတွေ နဲ့ ကြိမ်ဒဏ် သေဒဏ်တွေနဲ့ အပစ်ပေးတာတွေ လုပ်နေကြပါတယ်။

လူအင်အားဘယ်လောက်ရှိလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီရီးယားနဲ့ အီရတ်မှာ အိုင်အက်စ်မှာ ဝင်တိုက်နေတဲ့ နိုင်ငံခြားသား ထောင်နဲ့ချီရှိ

အိုင်အက်စ်မှာ တကယ်တန်း တိုက်ခိုက်နေသူ ၁၅၀၀၀ လောက်ရှိမယ်လို့ အမေရိကန်အရာရှိတွေက ယူဆကြပါတယ်။

ဒါပေမယ့် သြဂုတ်လအစောပိုင်းမှာ အီရတ်ကျွမ်းကျင်သူ ဟီရှမ် အဲ ဟာရှီမီ Hisham al-Hashimi က ၃၀၀၀၀ ကနေ ၅၀၀၀၀ လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒီထဲမှာ ၃၀ ရာခိုင်နှုန်းက လောက်ကပဲ အိုင်အက်စ်ရဲ့ အတွေးအခေါ်ကို လက်ခံယုံကြည်သူတွေဖြစ်ပြီး တခြားလူတွေကတော့ အတင်းအဓ္ဓမ ဝင်ခိုင်းလို့ ကြောက်လို့ ဝင်ကြရသူတွေလို့ ဆိုပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေးသမားအတော်များများဟာ အီရတ်နဲ့ ဆီးရီးယား နိုင်ငံသားတွေ မဟုတ်ကြပါဘူး။ နိုင်ငံပေါင်း ၈၁ နိုင်ငံထက်မနည်းက နိုင်ငံခြားသား ၁၂၀၀၀ ကျော် အိုင်အက်စ်မှာ ပါဝင်တိုက်ခိုက်နေကြပြီး အဲဒီထဲက ၂၅၀၀ ဟာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ဆီရီးယားကို လာပြီးတိုက်ခိုက်နေကြတဲ့ အနောက်နိုင်ငံတွေက လူ တွေ ဖြစ်တယ်လို့ လေ့လာပြုစုတဲ့ Soufan Group က လောလောဆယ်ခန့်မှန်းပါတယ်။

သူတို့မှာ ဘယ်လို လက်နက်မျိုးတွေ ရှိသလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုင်အက်စ်ဟာ အင်အားအတောင့်ဆုံး ဂျီဟတ်ဒစ်အဖွဲ့တခု ဖြစ်လာ

အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေဟာ ထရပ်ကားပေါ် တင်ပစ်လို့ရတဲ့ စက်သေနတ်တွေ ၊ ရော့ကက်လောင်ချာတွေ၊ လေယာဉ်ပစ်သေနတ်တွေ၊ အလွယ်တကူ သယ်ယူပစ်ခတ်နိုင်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးလက်နက်တွေအပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို ရရှိနေကြပြီး ပစ်ခတ်နိုင်စွမ်းလည်း ရှိကြပါတယ်။

သူတို့ဟာ အီရတ်နဲ့ ဆီရီးယားစစ်တပ်က တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေကိုလည်း သိမ်းဆည်း ရမိထား ကြပါတယ်။

သူတို့ကို လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ အဆက်မပြတ်အောင် ပို့ပေးနေတဲ့ အဖွဲ့တခုရှိလိမ့်မယ်လို့ ယူဆရပါတယ်။

သူတို့ရဲ့ ဒီလိုလက်နက်စွမ်းရည်တွေကြောင့် သြဂုတ်လမှာ အီရတ်တောင်ပိုင်းက ကာဒ်လူမျိုးပြည်သူ့စစ်စခန်း အတော်များများကို ဝင်စီးခဲ့နိုင်ခဲ့ပါတယ်။

သူတို့ကို ဘယ်သူတွေက ငွေကြေးထောက်ပံ့နေလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သိမ်းထားတဲ့ နယ်မြေက ရေနံနဲ့ ဓါတ်ငွေ့ ရောင်းတာ၊ အခွန်အကောက်တွေနဲ့ ဝင်ငွေသန်းချီ

သတင်းတွေအရ အိုင်အက်စ်မှာ ငွေသားနဲ့ တခြားပိုင်ဆိုင်မှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း၂၀၀၀ လောက်ရှိတယ်ဆိုတော့ ကမ္ဘာမှာ အချမ်းသာဆုံး စစ်သွေးကြွအဖွဲ့လို့ ပြောနိုင်ပါတယ်။

အစပိုင်းမှာ ငွေကြေးထောက်ပံ့မှု အများစုကို အာရပ် ပင်လယ်ကွေ့နိုင်ငံတွေမှာရှိတဲ့ ပုဂ္ဂိုလ် တဉီးချင်း တယောက်ချင်းဆီက ရတာ ဖြစ်ပေမယ့် ဒီနေ့အခါမှာတော့ အိုင်အက်စ်ဟာ ကိုယ်ဖါသာ ကိုယ် ငွေကြေးရှာဖွေ ထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်း ဖြစ်လာနေပါပြီ။

သူတို့ ထိန်းချုပ်ရာ ဒေသတွေမှာရှိတဲ့ ရေနံနဲ့ ဓါတ်ငွေ့တွင်းတွေကနေ တလ တလကို ဒေါ်လာ သန်းချီ ဝင်နေသလို အခွန်အကောက်တွေ၊ မှောင်ခို အရောင်းအဝယ်တွေ၊ ငွေညှစ်မှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေကလည်း ဝင်ငွေတွေ ရနေပါတယ်။

အီရတ်က တိုက်ခိုက်မှုတွေအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့ကြီးမြို့ငယ်တွေမှာရှိတဲ့ ဘဏ်တွေကနေလည်း ငွေကြေး အမြောက်အများ ရထားခဲ့ပါတယ်။

သူတို့ဘာကြောင့် ရက်စက်ကြမ်းကြုတ်တဲ့ နည်းဗျူဟာတွေကို သုံးကြတာလဲ

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ရက်စက်မှုတွေနဲ့ လူတွေကို ထိတ်လန့်အောင်လုပ်

အိုင်အက်စ်တွေဟာ ဆွန်နီ အစ္စလမ်ဘာသာကို အစွန်းရောက်အမြင်တွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို လက်ခံ ကျင့်သုံးကြတဲ့ ဂျီဟတ်ဒစ်တွေဖြစ်ပါတယ်။

နောက်ပြီး သူတို့ကမှ တကယ်တန်း အစ္စလမ်ဘာသာကို အစစ်အမှန် သက်ဝင်ယုံကြည်သူတွေလို့ ကိုယ့်ကိုကိုယ် မှတ်ယူကြပါတယ်။

သူတို့လွဲပြီး ကျန်တကမ္ဘာလုံးဟာ အစ္စလမ်ဘာသာကို ဖျက်ဆီးဖို့ကြိုးစားနေကြတဲ့ အစ္စလမ်ဘာသာကို မယုံကြည်သူတွေ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒီလို အကြောင်းပြချက်တွေနဲ့ တခြားမွတ်ဆလင်တွေရော မွတ်ဆလင်မဟုတ်သူတွေကိုပါ တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်တာတွေ ၊ လက်ဝါးကပ်တိုင်မှာ သုတ်သင်တာတွေ နဲ့ အစုလိုက်အပြုံလိုက်ပစ်သတ်မှုတွေဟာ ရန်သူကို ကြောက်လန့်တုန်လှုပ်အောင် လုပ်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ကိုရမ်ကျမ်းစာပါ ဖေါ်ပြရေးသားချက်အရ မယုံကြည်သူတွေအပေါ် ဒီလို လုပ်တာဖြစ်တယ်လို့ အိုင်အကိစ် အဖွဲ့ဝင်တွေ အကြောင်းပြပေမယ့် မွတ်ဆလင်တွေကတော့ သူတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချကြပါတယ်။

အယ်လ်ကိုင်ဒါးခေါင်းဆောင် Ayman al-Zawahiri အေမန် အဲ ဇာဝါဟီရီကတောင် ဖေဖေါ်ဝါရီလက ဆီရီးယားမှာ လုပ်ခဲ့ အိုင်အက်စ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သူတာဝန်မယူဘူးလို့ ပြောခဲ့သလို ၂၀၀၅ ခုနှစ်ကလည်း ဒီလိုရက်စက် ကြမ်းကြုတ်မှုတွေကြောင့် မွတ်ဆလင်တွေရဲ့ လေးစားချစ်ခင်မှုကို ဆုံးရှုံးနိုင်တယ် လို့ အဲဒီအချိန်က ခေါင်းဆောင် ဖြစ်တဲ့ ဇာကာဝီကို သတိပေးခဲ့ဘူးပါတယ်။