ရုရှားနဲ့ယူကရိန်း သမ္မတနှစ်ဦး ငြိမ်းချမ်းရေးဆွေးနွေး

  • 7 စက်တင်ဘာ 2014
Putin Poroshenko ဓာတ်ပုံ မူပိုင် Getty
Image caption သမ္မတ နှစ်ဦးဟာ ဖုန်းပေါ်ကနေ ဆွေးနွေးခဲ့ကြ

ယူကရိန်း အရှေ့တောင်ဘက်ပိုင်း Mariupol ဆိပ်ကမ်းမြို့မှာ၊ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားနေ ရပါတယ်။ ယူကရိန်း အစိုးရရဲ့ အရေးကြီး တဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို၊ ရုရှားလိုလားသူ သူပုန်တွေ က လက်နက်ကြီးတွေ နဲ့ ပစ်ခတ် ဖျက်စီးခဲ့တယ် လို့ ၊ လက်နက်ကြီး ကျည်တွေ ကျရောက်တာ ကို မျက်မြင်ကြုံခဲ့ရ တဲ့၊ သတင်းထောက်တွေ က ဆိုပါတယ်။

အစိုးရတပ်ဘက် က လက်နက်ကြီး နဲ့ ပြန်လည် ပစ်ခတ်သံ လည်း ထွက်ပေါ် လာပါတယ်။

Mariupol မြို့ဟာ ခရိုင်းမီးယားနယ် ကို သွားရာ လမ်းကြောင်းပေါ် က အဓိက မြို့တစ်မြို့ ဖြစ်သလို၊ Donbass ဒေသ လွတ်လပ်ရေး အတွက်၊ စီးပွားရေးအရ အချက်အချာ မြို့ အဖြစ် လည်း၊ ရုရှားလိုလားသူ လက်နက်ကိုင်တွေ က ရှု့မြင် ထားကြပါတယ်။

အခုလို တိုက်ခိုက်မှု ဖြစ်ပေါ်လာတဲ့ အတွက်၊ သောကြာနေ့ က ရယူထားတဲ့ အပစ်ရပ် သဘောတူမှု အပေါ် ဘယ်လောက် ထိခိုက် နိုင်တယ် ဆိုတာကို၊ ပြောဖို့ စောသေးတယ် ဆိုပြီး၊ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

အစောပိုင်း တုန်းကတော့ ယူကရိန်း နဲ့ ရုရှား သမ္မတ တို့ တယ်လီဖုန်း ပြောဆို ခဲ့ရာမှာ၊ ယူကရိန်း အရှေ့ခြမ်းမှာ အစိုးရနဲ့ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ အကြား ရယူထားတဲ့ အပစ်ရပ်မှု အပေါ်၊ ၂ ဘက် စလုံးက လိုက်နာကြောင်း ကျေနပ်လောက်ဖွယ် တွေ့ရတယ် ဆိုပြီး ပြောခဲ့ကြပါသေးတယ်။

မစ္စတာ ပေါ်ရိုရှန်ကိုဘက် က ထုတ်ပြန်ချက်မှာ တော့ ရေရှည် တည်တံ့မယ့် အပစ်ရပ်ရေး ဖြစ်ဖို့ ဆွေးနွေး ခဲ့ကြပြီး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို စောင့်ကြည့် ရာမှာလည်း ဥရောပ လုံခြုံရေး နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OSCE ရဲ့ အစွမ်းကုန် ပါဝင်မှု လိုအပ်ကြောင်း ကို သမ္မတ နှစ်ဦးစလုံး က အလေးပေး ဆွေးနွေး ပြောဆိုခဲ့တယ် လို့ ဖော်ပြပါတယ်။

နောက်ပြီး ပဋိပက္ခဒေသတွင်း ကို လူသားချင်း စာနာမှု အကူအညီ တွေ ပို့ရာမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ လည်း သဘောတူ ဆွေးနွေးခဲ့တယ် လို့ ပြောပါတယ်။

သမ္မတ ပူတင်ဘက်က ကြေငြာချက်မှာတော့ သမ္မတနှစ်ဦး ဟာ ညှိနှိုင်း ဆွေးနွေး အဖြေရှာရေး ကို ဆက်လက် ဆောင်ရွက်ဖို့ သဘောတူ ခဲ့ကြတယ် လို့ ဖော်ပြပါတယ်။

ဒီ အတောအတွင်းမှာ ပဲ ဥရောပ သမဂ္ဂ အီးယူကနေ ရုရှားကို နောက်ထပ် ပိတ်ဆို့ အရေးယူမှု တွေ လုပ်မယ်ဆိုတဲ့ အပေါ် ရုရှားဘက်က လည်း တုံ့ပြန်သွားမယ် လို့ ဆိုပါတယ်။