ရုရှား အပေါ် ပိတ်ဆို့မှု အသစ် စတင် သက်ရောက်

  • 12 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန်တွေ သိမ်းထားတဲ့ လူဟန့်စ်မြို့ လေဆိပ် မြင်ကွင်း

ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ရုရှား အပေါ် ဆက်လက် ဖိအားပေးဖို့ ဥရောပ သမဂ္ဂ အဖွဲ့က ချမှတ်လိုက်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ဒီကနေ့ သောကြာနေ့မှာ စတင် သက်ရောက်ပြီ ဖြစ်ပါတယ်။

ခုလို အီးယူက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပိုမို လုပ်ဆောင်တာဟာ ယူကရိန်း အရှေ့ပိုင်းမှာ ငြိမ်းချမ်းရေး ရဖို့ ကြိုးပမ်းနေမှုတွေကို နှောင့်ယှက်ရာ ကျတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျေ လက်ဗ်ရော့ဗ်က ပြောပါတယ်။

ရုရှား နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရုရှားအနေနဲ့ အေးအေးဆေးဆေးနဲ့ သင့်လျော်တဲ့ နည်နဲ့ တုံ့ပြန်သွားမယ်လို့လည်း မစ္စတာ လက်ဗ်ရော့ဗ်က ပြောပါတယ်။

ဥရောပ သမဂ္ဂ အီးယူရဲ့ အခုနောက်ဆုံး ပိတ်ဆို့ အရေးယူမှုဟာ ရုရှားရဲ့ ရေနံလုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ကာကွယ်ရေး ကဏ္ဍ တို့ကို ပစ်မှတ် ထားတာ ဖြစ်ပါတယ်။

ပိတ်ဆို့ခံရတဲ့ ရုရှား အရာရှိတွေနဲ့ ယူကရိန်း သူပုန် ခေါင်းဆောင်တွေ ပါဝင်တဲ့ စာရင်းမှာ နောက်ထပ် လူ ၂၄ ယောက်ရဲ့ နာမည်တွေကိုလည်း အီးယူက ထပ်မံ ထည့်သွင်း လိုက်ပါတယ်။

သူတို့အနေနဲ့ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံရမယ့် အပြင် ဥရောပမှာ ရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကိုလည်း ရွှေ့ပြောင်းလို့ မရအောင် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်ကလည်း ထောက်ခံသွားမယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ