ဂျွန်ကယ်ရီ အာရပ်နိုင်ငံများ ခရီးစဉ်

  • 13 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP

အစ္စလမ်မစ်နိုင်ငံအဖွဲ့ အိုင်အက်စ်ရဲ့ ခြိမ်းခြောက် မှုကို ကာကွယ်ဖို့ အတွက် မဟာမိတ် အဖြစ် ပူးပေါင်းနိုင်ရေး ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ အီဂျစ်နိုင်ငံကို ဒီကနေ့ ရောက်ရှိလာပါတယ်။

သူဟာ ကိုင်ရိုမြို့မှာ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင် နဗီလ် အယ်လ် အရာဘီ အီဂျစ် သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း စီစီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲ အပြီးမှာ ဂျွန်ကယ်ရီက အီဂျစ်နိုင်ငံရဲ့ ပူပေါင်းဆောင်ရွက်မှုက အရေးပါတယ်လို့ ပြောခဲ့ပါတယ်။ အီဂျစ်နိုင်ငံဟာ အိုက်စေးလ် အကြမ်းဖက်တွေကို နှိပ်ကွပ်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး အဲဒိ အချက်ကိုပဲ အဓိကထားပြီး ပြောခဲ့တာပါ။

အားလုံး ဆက်စပ်နေတဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ ကမ္ဘာ့တနေရာက အကြမ်းဖက်မှုက တခြားတနေရာကို ခြိမ်းခြောက်ရောက်ရှိလာဖို့ဟာ အချိန်အတိုင်းအတာ ကြာတာနဲ့ မြန်တာပဲ ကွာမယ်လို့ သူက ပြောပါတယ်။ အိုက်စေးလ်တွေဟာ အစ္စလမ်အတွက် တိုက်ပွဲဝင်နေတာ ဆိုပေမယ့် အစ္စလမ်နဲ့ မသက်ဆိုင်တဲ့ အဖွဲ့အစည်း တခုဖြစ်ပြီး တကမ္ဘာလုံးက မွတ်ဆလင် အများစုက သူတို့ကို မလိုလားကြပါဘူး လို့ ဂျွန်ကယ်ရီက ပြောခဲ့ပါတယ်။

အီဂျစ်ကတော့ အမေရိကန်အနေနဲ့ အစွန်းရောက်တွေကို ထိုးစစ်ဆင်မယ်ဆိုရင် ဆိုင်းနိုင်းမှာ အီဂျစ်တွေ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်တွေကိုလဲ ထည့်သွင်းဖိအားပေးစေချင်တဲ့ သဘောမျိုး ပြောနေပါတယ်။

လောလောဆယ်မှာတော့ အမေရိကန် ဦးဆောင်တဲ့ အိုင်အက်စ် ဆန့်ကျင်ရေး အစီအစဉ်တွေထဲမှာ အာရပ်နိုင်ငံ ၁၀ နိုင်ငံ ပါဝင်လာပြီး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ အိုက်ဆက် ဆန့်ကျင်ရေး စည်းရုံးမှုတွေထဲမှာ ရှိရိုက်လူမျိုးစုတွေ အားကောင်းတဲ့ အီရန်နိုင်ငံကိုတော့ ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ