ယူကရိန်းအပစ်ရပ်မပီပြင်မှု ရုရှပယောဂ မကင်း

  • 13 စက်တင်ဘာ 2014
orussian_in_donetsk ဓာတ်ပုံ မူပိုင် Reuters
Image caption ဒေါ့ညက်စ်မြို့ တဝိုက် တိုက်ပွဲ

ပြီးခဲ့တဲ့ ဇွန်လ ကတည်းက ယူကရိန်းသူပုန် ထိန်းချုပ် နယ်မြေထဲ က ဒေါညက်စ် လေဆိပ် ကို ယူကရိန်းအစိုးရ တပ်တွေ သိမ်းပိုက်ခဲ့ တာပါ။ ဒါကို ရုရှလိုလားတဲ့ သူပုန်တွေ ဘက် ကနေ ပြန်သိမ်းပိုက် နိုင်အောင် တိုက်ပွဲတွေ ပြင်းထန် လာတာဖြစ်ပါတယ်။

ဒီတမနက်လုံး ဆိုရင် ဒေါညက်စ် မြို့လယ်မှာ သေနတ် သံ တွေ ညံနေလို့ အမြောက်ပစ်သံ လားလို့ တောင် ထင်မှတ်ရပါတယ်။ ဒါပေမဲ့ ရောကက်လောင်ချာ တွေ သုံးနေတာ ကတော့ အမှန်ပါ။ လေဆိပ်တဝိုက် မှာ ယူကရိန်း တပ်ဖွဲ့ အရေအတွက် ၂၀၀ ခန့် တပ်စွဲထားပါတယ်။ သူပုန်တွေ ဘက်ကတော့ လေဆိပ် ကို ပြန်သိမ်းဖို့ အမိန့် အရသေးတဲ့ အကြောင်း ပြောတာကို ဒေသခံတွေ ဆီက ကြားရပါတယ်။

နှစ်ဘက် အပစ်ရပ်ရေး ကြေညာခဲ့တာ တပတ် ကြာ အချိန် အတောအတွင်းမှာ အကျဉ်းသား လဲလှယ် တဲ့ အစီအစဉ် တခု က လွဲပြီး၊ ဘာမှ တိုးတက်ပြောင်းလဲမှု မရှိတဲ့ အတွက် အပစ်အခတ် ရပ်ဖို့ သဘောတူထားတဲ့ အငွေ့အသက် ဟာ ယမ်းငွေ့တွေ သေနတ်သံတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။

ဒါကြောင့်မို့ ယူကရိန်း ဝန်ကြီးချုပ် အာဆင်နီ ယာဆင်ယွခ် က အပစ်ရပ်ရေး သဘောတူညီမှု မပြီပြင်ခြင်းဟာ ရုရှ ရဲ့ ပယောဂ မကင်းဘူး၊ ရုရှ ဟာ ယူကရိန်း ကို အစိတ်အစိတ် အမွှာမွှာ ပြိုကွဲအောင်လုပ်နေတယ် လို့ စွပ်စွဲ လိုက်ပါတယ်။

ရုရှ သမ္မတ ပူတင် ရဲ့ မူလ အခြေခံ ရည်ရွယ်ချက် က ဒေါညက်စ် နဲ့ လူဟန့်စ် ကို သိမ်းပိုက်ဖို့ တင် မဟုတ်ဘူး ဆိုတာ သူ့အမြင်မှာ ရှင်းနေတဲ့ အကြောင်း၊ ရုရှ သမ္မတ ပူတင် ရဲ့ ရည်မှန်းချက် က ယူကရိန်း တနိုင်ငံ လုံး ကို ပြန်သိမ်းချင် သလို၊ ယူကရိန်း ကို ဥရောပ သမဂ္ဂ မိသားစု ထဲ ဝင်သွား မှာ ကိုလည်း၊ သူ မရှု့စိမ့်နိုင်ပါဘူး။ ရှင်းရှင်း ပြောရရင် ဆိုဗီယက် ယူနီယံ ကို ပြန် အသက်သွင်းချင် နေတာပါ လို့ ယူကရိန်းဝန်ကြီးချုပ် အာဆင်နီ ယာဆင်ယွခ် က စွပ်စွဲ လိုက်တာပါ လို့ ဘီဘီစီ သတင်းထောက် ပေါလ်အယ်ဒမ်စ် က ဒေါညက်စ်မြို့ ကနေ သတင်းပေးပို့ လိုက်ပါတယ်။