ဒေးဗစ်ဟိန်းစ်ကို သတ်တဲ့သူကို ဖော်ထုတ် ချေမှုန်းမယ်

  • 14 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption IS အဖွဲ့ဟာ အရင် ကလည်း အမေရိကန် သတင်း သမား ၂ ယောက်ကို ခေါင်းဖြတ် သတ်ခဲ့

အန်ဂျီအို အဖွဲ့ဝင် ဗြိတိန် လူမျိုး ဒေးဗစ် ဟိန်းစ်ကို အစ္စလာမ္မစ် စတိတ် IS အဖွဲ့က ခေါင်းဖြတ် သတ်ခဲ့တဲ့ အဖြစ် အပျက်နဲ့ ပတ်သက်ပြီး တာဝန် ရှိသူတွေကို ဖော်ထုတ် ချေမှုန်း သွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

ဘယ်လောက်ပဲ အချိန် ယူရ ယူရ အခု ကိစ္စကို တရား မျှတမှု ဆောင်ကျဉ်း ပေးနိုင်တဲ့ အထိ ဆောင်ရွက် သွားမယ် လို့လည်း ဆိုပါတယ်။

IS အဖွဲ့ဟာ ဒေးဗစ် ဟိန်းစ်ရဲ့ အရင် ကလည်း အမေရိကန် လူမျိုး သတင်း သမား ၂ ယောက်ကို အလားတူ ပုံစံမျိုး နဲ့ပဲ ခေါင်းဖြတ် သတ်ဖြတ်ခဲ့ ဖူးပါတယ်။ သတ်ဖြတ် တဲ့ ပုံကို ဗီဒီယို ရိုက်ကူးပြီး အဲဒီ ဗီဒီယိုကို ယူကျုဗ် အင်တာနက် ဝက်ဘ်ဆိုက် ကနေ ဖြန့်ချိ ခဲ့တာ ဖြစ်ပါတယ်။

သတ်ဖြတ်တဲ့ နေရာဟာ IS တွေရဲ့ ဌာနချုပ် မြို့တော် သဖွယ် ဖြစ်နေတဲ့ ဆီးရီးယား အရှေ့မြောက်ပိုင်း ပြည်နယ်ရဲ့ မြို့တော် အာရ်ရက်ကာ မြို့နားက သဲ ကန္တာရ ထဲမှာ ရိုက်ကူး ထားတာလို့ ခန့်မှန်းကြ ပါတယ်။

အခုလို သတ်ဖြတ်တဲ့ ဖြစ်ရပ် အပေါ်မှာ ဗြိတိန် အစ္စလာမ် အသင်းရဲ့ ဥက္ကဋ္ဌ ဆူဂရာ အာမက် ကလည်း ဒီလို လုပ်ရပ်ဟာ အစ္စလာမ် ဘာသာနဲ့လည်း ဆန့်ကျင် တယ်လို့ ပြောပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောဆို ကန့်ကွက် လိုက်ပါတယ်။

အသက် ၄၄ နှစ် အရွယ်ရှိ အန်ဂျီအို အဖွဲ့ဝင် ကူညီစောင့် ရှောက်ရေး သမား ဟိန်းစ် ဟာ ၂၀၁၃ ခုနှစ်တုန်းက ဆီးရီးယားမှာ အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

ဟိန်းစ်ကို သတ်ဖြတ်တဲ့ အခု နောက်ဆုံး ဗီဒီယို ထဲမှာ နောက်ထပ် ဖမ်းဆီး ထားတဲ့ ဗြိတိသျှ လူမျိုး တယောက်ကိုလည်း သတ်ဖြတ် ဦးမယ်လို့ ထည့်သွင်း ခြိမ်းခြောက် ထားပါတယ်။

IS အဖွဲ့ဟာ လူတွေကို ဖမ်းဆီး ပြန်ပေးဆွဲပြီး ပြန်ပေးငွေ တောင်းခံ ကြလေ့ရှိပါ တယ်။ IS အဖွဲ့ဟာ ခြိမ်းခြောက် သတ်ဖြတ်တဲ့ အဖွဲ့ အစည်း မျိုးထက် သာလွန် ပြီး လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့ တိုက်ခိုက် နေတဲ့ အဖွဲ့ အစည်း ဖြစ်သလို ဇွန်လက စပြီး နောက်ပိုင်းမှာ အီရတ် နိုင်ငံမှာ ရှိတဲ့ အဓိက ဆွန်နီ အဖွဲ့ အားလုံး နီးပါး နဲ့လည်း ချိတ်ဆက် မိနေပုံ ရတယ်လို့ သတင်း သမားတွေက သုံးသပ်ကြ ပါတယ်။

အီရတ်ရဲ့ ဒုတိယ မြို့တော် မိုဆူးလ် အပါ အဝင် လူဦးရေ ငါးသန်း ခြောက်သန်း ဝန်းကျင် ရှိတဲ့ နယ်မြေကို လက်ရှိ ထိန်းချုပ် ထားတဲ့ အဖွဲ့ အစည်း လည်း ဖြစ်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ