စကော့တလန် ဆန္ဒခံယူပွဲ မဲဆွယ်မှုတွေ အရှိန်မြင့်

  • 14 စက်တင်ဘာ 2014
scotland_referendum_campaign ဓာတ်ပုံ မူပိုင် Getty
Image caption ဆန္ဒခံယူပွဲမှာ Yes လား၊ No လား အဖြေပေးရမယ်။

စကော့တလန် ခွဲထွက်ရေးကို ထောက်ခံတဲ့ Yes လှုပ်ရှားမှု နဲ့ ခွဲထွက်ရေးကို ဆန့်ကျင်ပြီး လက်ရှိ ပြည်ထောင်စုအတိုင်း ဆက်သွားချင်တဲ့ No လှုပ်ရှားမှုတွေဟာ အတော်လေး အရှိန်မြင့်လာနေပါတယ်။

စကော့တလန် ပြည်နယ်ရေးရာ ဝန်ကြီး အဲလက်စ် ဆယ်လ်မွန်ဟာဆိုရင်လည်း ရဟတ်ယာဉ်တစ်စီးနဲ့ တမြို့ကနေ တမြို့ကို လှည့်လည်သွားရင်း ထောက်ခံမဲပေးဖို့ စည်းရုံးနေပါတယ်။

Yes Scotland ခွဲထွက်ရေးလှုပ်ရှားမှုမှာ မဲဆွယ်စည်းရုံးသူ လုပ်အားပေး ၃ သောင်းခွဲလောက် ပါဝင်ပြီး သူတို့ဟာ လက်ကမ်းစာစောင် ၂ သန်း ခွဲကျော်ကို ၂ ရက်အတွင်း ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

တပြည်ထောင်ထဲပဲ ဆက်နေချင်တဲ့ Better Together လှုပ်ရှားသူတွေကလည်း စနေနေ့တုန်းက မဲဆွယ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ Orange Order ဆိုတဲ့အဖွဲ့က ဦးဆောင်ပြီးတော့ မြောက်အိုင်ယာလန်၊ အင်္ဂလန်နဲ့ ဝေလပြည်နယ်တွေက လူသောင်းဂဏန်းလောက်ကလည်း စကော့တလန်မြို့တော် အက်ဒင်ဘရာကို ချီတက်ပြီး တပြည်ထောင်ထဲ ဆက်နေကြဖို့ စည်းရုံးတိုက်တွန်းခဲ့ကြပါတယ်။

အခုလို မဲဆွယ်လှုပ်ရှားမှုတွေဟာဆိုရင် စကော့တလန်မှာ ဘယ်တုန်းကမှ ဒီလောက်များများ မတွေခဲ့ရဖူးဘူးလို့ သိရပါတယ်။

လောလောဆယ် စစ်တမ်းကောက်ယူမှု တချို့အရ ဆိုရင်တော့ ခွဲထွက်ရေးကို ထောက်ခံတဲ့ မဲက ၄၉ ရာခိုင်နှုန်းလောက်ရှိပြီး ခွဲထွက်ရေး မထောက်ခံသူတွေကတော့ ၅၀ ရာခိုင်နှုန်းကျော်လောက် ရှိမယ်လို့ ဖော်ပြကြပါတယ်။

ဒီစစ်တမ်းတွေအရ ဆိုရင်တော့ ဆန္ဒခံယူပွဲမှာ ဘယ်ဘက်ကမှ ပြတ်ပြတ်သားသား အနိုင်ရဖွယ် မရှိပါဘူး။