အီဘိုလာ တိုက်ဖျက်ဖို့ ဒေါ်လာ ၁ ဘီလျံ လိုအပ်

  • 16 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လိုင်ဘေးရီးယားမှာ အီဘိုလာ သံသယရှိ လူနာကို ခေါ်လာစဉ်။

အာဖရိက အနောက်ဘက် နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်နေမှု အန္တရာယ်ကို ထိန်းချူပ်ဖို့ အတွက် အနည်းဆုံး ဒေါ်လာ ၁ ဘီလျံ လိုအပ် နေတယ်လို့ အီဘိုလာ ရောဂါ ဆိုင်ရာ ကုလ သမဂ္ဂ တာဝန်ခံ David Nabarro က ပြောပါတယ်။

အခုနှစ်အတွင်း အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူ လူ ၄၉၈၅ ယောက် အနက် ထက်ဝက်ခန့် ဖြစ်တဲ့ ၂၄၆၁ ယောက် သေဆုံးခဲ့ရပြီး ခေတ်သစ်ရဲ့ အဆိုးရွားဆုံး ကပ်ရောဂါအဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ကြေညာခဲ့ပါတယ်။

အီဘိုလာကို ထိန်းချုပ်ဖို့ အနောက် အာဖရိကကို ကမ္ဘာ့ နိုင်ငံတွေရဲ့ တပ်ဖွဲ့တွေ စေလွှတ်ပေးကြဖို့လည်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က အစောပိုင်းက တိုက်တွန်း လိုက်ပါတယ်။

ကူးစက်မှုတွေ အများဆုံး ဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်ခု ဖြစ်တဲ့ လိုင်ဘေးရီးယားမှာ ကူးစက်ခံနေရတဲ့ လူနာတွေဟာ သူတို့ရဲ့ မိသားစုဝင် တွေကိုပါ ထပ်ဆင့် ကူးစက်ခံရမှာကို စိုးရွံ့နေကြတဲ့ အတွက် ဆေးရုံတွေရဲ့ တံခါးတွေကို လာပြီး ထုနေကြတဲ့ အထိ ဖြစ်နေကြရတယ်လို့လည်း MSF က ပြောပါတယ်။

ဒီနေ့မှာတော့ လိုင်ဘေးရီးယား နိုင်ငံကို အမေရိကန် တပ်ဖွဲ့ဝင် ၃ ထောင်ကို စေလွှတ်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားက ထုတ်ပြန် လာဖို့ ရှိပါတယ်။

အီဘိုလာကြောင့် သေဆုံးရသူ အရေအတွက်ဟာ သောင်းနဲ့ချီပြီး ရှိလာနိုင်တယ်လို့လည်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က သတိပေးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ