စကော့တလန် အခြေအတင် ပြောရာ ကျန်းမာရေးလည်းပါ

  • 16 စက်တင်ဘာ 2014
scotland_uk_flags ဓာတ်ပုံ မူပိုင် Reuters
Image caption အဖြေပေါ်တော့ မဲ့ စကော့တလန် လွတ်လပ်ရေး

စကော့တလန် ရဲ့ အနာဂတ် ကို အဖြေ ပေးတော့ မဲ့ ခွဲရေး တွဲရေး ဟာ မနက်ဖန် ထွက်လာတော့ မှာ မို့ ဗြိတိသျှ ဗဟိုအစိုးရ ရဲ့ ခေါင်းဆောင် တွေ စကော့တလန် ကို တက်လာ ကြပြီး စည်းရုံး ကြသလို၊ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒင်ဘရောင်း လည်း ပါဝင် လာခဲ့ပါတယ်။

မစ္စတာ ဘရောင်း ထောက်ပြသွားတဲ့ အချက် က ကျန်းမာရေး ပိုင်းဖြစ်တာ ကို ဘီဘီစီ သတင်းထောက် နော်မန် စမစ်သ် က ပြောပါတယ်။ ဒါကြောင့်မို့ မနေ့ က နှစ်ဘက် အခြေအတင် ပြောကြ တဲ့ အထဲမှာ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု က ထိတ်တန်း တက်လာပါတယ်။

ဗြိတိန်နဲ့ ဆက်တွဲ နေရေး ထောက်ခံသူတွေ ဘက်ကလည်း စကော့တလန် ရဲ့ ကျန်းမာရေး ဆိုင်ရာ ကုသ စောင့်ရောက်မှုတွေ ဟာ တွဲနေမှသာ၊ အနာဂတ် အတွက် စိတ်အေး၊ စိတ်ချရမယ် လို့ ယုံကြည်နေကြပါတယ်။ အက်စ်အင်ပီပါတီ ဟာ ဒီကျန်းမာရေး ကိစ္စ ကို ထိန်ချန်ထားတယ် လို့ လည်း ဆိုသွားပါတယ်။

မစ္စတာ ဘရောင်း ပြောသွားတဲ့ အထဲမှာ စကော့တလန် ပြည်နယ်သားတွေ ကို သူစာနာ မိတဲ့ အခါမှာ၊ အပြောင်းအလဲ ကို လူတွေ လိုလား ကြတယ် ဆိုတာ နားလည် တဲ့ အကြောင်း၊ ဒီအခါမှာ ယူကေ ရဲ့ တစိတ်တပိုင်း အနေနဲ့ မျှဝေမှု၊ ပူးပေါင်း ဆောင်ရွက်မှု တွေ နဲ့ လုပ်ကိုင်ကြရင် ပိုပြီး နှစ်ဘက်စလုံး အတွက် အကျိုးကျေးဇူး များတဲ့ သဘောလို့ ဆိုပါတယ်။ စကော့တလန် ပါလီမန် ဟာ ယူကေ ပါလီမန် ရဲ့ တစိတ်တပိုင်း အဖြစ် ဆက်လက်ရပ်တည် တာ ကို လိုလားကြမယ် လို့ ထင်ပါသလို၊ အက်စ်အင်ပီ ပါတီ ပြောင်းလဲ လိုတဲ့ သီးသန့် ပါလီမန် လက်ထက် ရောက်သွားရင်၊ ကျန်းမာရေး၊ စီးပွားရေး၊ ကာကွယ်ရေး ပိုင်းတွေ ပါထိခိုက်သွား နိုင်ပါတယ် လို့ ပြောသွား တာပါ။

စစ်ရေး၊ ကာကွယ်ရေး ဆိုလို့ နေတိုး အတွင်းရေးမှူးချုပ် အားနက်စ် ဖို ရက်စမိုဆင် ကလည်း၊ လွတ်လပ်တဲ့ နိုင်ငံသစ် တခု အနေနဲ့ နေတိုး အဖွဲ့ဝင် ဖြစ်လိုရင်၊ လျှောက် ထားလို့ ရနိုင်ပေမဲ့ အဖွဲ့ဝင်တွေ ရဲ့ သဘောဆန္ဒ၊ ကို ရယူရမှာ ဖြစ်တဲ့ အကြောင်း၊ စကော့တလန် ဟာ လွတ်လပ်သွားရုံနဲ့ အလိုအလျှောက် နေတိုး အဖွဲ့ဝင် မဖြစ်နိုင်ဘူး လို ဆိုတာပါ။

အခုလို ပြောဆိုသံတွေ ကြောင့် စကော့တလန် လွတ်လပ်ရေး ရဖို့ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့ အက်စ်အင်ပီ ပါတီ ခေါင်းဆောင် ပြည်နယ်ဝန်ကြီးချုပ် အဲလက်စ် ဆယ်လ်မွန် ကတော့ ဗြိတိသျှ ဗဟို အစိုးရ ဟာ၊ စကော့တလန်သားတွေရဲ့ သဘောထား ကောက်ခံ မဲပေးပွဲ နီးကပ် လာတာနဲ့ အမျှ သွေးပျက် လာရာက၊ ထင်ရာမြင်ရာ တွေ လျှောက်ပြောတယ် လို့ တုံ့ပြန်လိုက်သလို၊ ဒုတိယ ပြည်နယ်ဝန်ကြီးချုပ် နီကိုလာ စတာဂျင် ကလည်း အခုမှ စကော့တလန် ပါလီမန် ရဲ့ လုပ်ပိုင်ခွင့် အာဏာ ကို တိုးပေးပါ့မယ် လို့ ပြောလိုပြော၊ နောက်ထပ် အကျိုးခံစားမှု တွေ ပေးပါဉီးမယ် လို့ ဗြိတိသျှ နိုင်ငံရေး ခေါင်းဆောင်တွေ ပြောနေခြင်းဟာ၊ အချိန်နှောင်းသွားပြီ၊ ဘာဖြစ် လို့ စော စော က ဒီလို မတွေးကြတာလည်း လို့ မေးခွန်း ပြန်ထုတ် လိုက်တာ ကို ဘီဘီစီ သတင်းထောက် ဘရိုင်ရင်တေလာ ကလည်း ပြောပြ ပါတယ်။