အီရတ်ကို မြေပြင်တပ်မလွှတ်ဘူးလို့ သမ္မတပြော

  • 17 စက်တင်ဘာ 2014
obama_tampa_304x171_epa ဓာတ်ပုံ မူပိုင် EPA
Image caption သမ္မတ အိုဘားမား စစ်စခန်းမှာ မိန့်ခွန်းပြော

အမေရိကန် သမ္မတ အိုဘားမား က အိုင်အက်စ် အစ္စလာမ္မစ် အဖွဲ့ ကို နှိမ်နင်း ရာ မှာ အီရတ် နိုင်ငံတွင်း မှာ မြေပြင် တိုက်ပွဲ ကို ဆင်နွှဲ မှာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း၊ ဖလော်ရီဒါ လေကြောင်း အခြေစိုက် စခန်းမှာ ပြောတာ ကို ဝါရှင်တန် မှ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်အာရှာ က သတင်းပို့ လိုက်ပါတယ်။

စောစော ပိုင်းတုန်း က အမေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်း ဗိုလ်ချုပ်ကြီး တွေနဲ့ တွေ့စဉ် က၊ စစ်တပ်ဘက် က သိလိုတာ က တကယ် လို့ နိုင်ငံတကာ ညွန်ပေါင်းတပ်ဖွဲ့ အနေနဲ့ အိုင်အက်စ် အစ္စလာမ္မစ် အဖွဲ့ ကို တိုက်ခိုက်ရာမှာ ထိရောက်မှု မရှိခဲ့ရင်၊ အမေရိကန် တပ်တွေ အနေနဲ့ မြေပြင်တိုက်ပွဲ ဝင်မဝင် မေးခွန်း ကို ထုတ်ခဲ့ကြပါသေးတယ်။

အဲဒီ အတွက် သမ္မတ အိုဘားမား က ဖလော်ရီဒါ ဗဟိုစစ်ဌာနချုပ် မှာ အတိအလင်း ပြောခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ရဲ့ စစ်သေနာပတိချုပ် အနေနဲ့ သူပြောလိုတာက ဒီနိုင်ငံ က တပ်မတော် ကို အီရတ်ရဲ့ မြေပြင်စစ်ပွဲ ဆီ နောက်ထပ် မလွှတ်တော့ဘူး ဆိုတဲ့ အချက်ပါပဲ။ ၁၀ နှစ် ကြာ အီရတ်မှာ မြေပြင် တပ်စွဲခဲ့ဖူးတဲ့ အတွေ့အကြုံ အရရော၊ မဟာမိတ် နိုင်ငံတွေ ရဲ့ တပ်တွေ နဲ့ ပေါင်းစည်းလိုက်တဲ့ အခါမှာ အမေရိကန် အနေနဲ့ ထိရောက်မှု ရှိတဲ့ စစ်ဗျူဟာ တွေ အကြံပေးနိုင် တဲ့ အကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ တွေ အနေ နဲ့လည်း၊ သူတို့နိုင်ငံ ကို သူတို့ ကာကွယ်နိုင်ရေး ဟာ ရေရှည် အတွက်လည်း အောင်မြင်စေနိုင် မယ့် ဖြေရှင်းနည်းပါ လို့ ရှင်းပြတာပါ။

တချို့ အမေရိကန်တွေ အနေနဲ့ လည်း အမေရိကန် ဟာ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ တွေ ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေ အတွင်း၊ ပါဝင်ပတ်သက်မှု ရှိနေရင်၊ နိုင်ငံသားတွေ အနေနဲ့ လုံခြုံမှု မရှိနိုင်ဘူး လို့ စောဒက တက်သူတွေ ရှိနေ ကြပါသေးတယ်။