IS အဖွဲ့ သတင်းကြောင့် ဆစ်ဒနီမှာ ရဲတွေ စီးနင်း

  • 18 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လူ ၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆို

သြစတြေးလျနိုင်ငံ ဆစ်ဒနီ မြို့မှာ အစွန်းရောက် အစ္စလာမ္မစ်တွေက သတ်ဖြတ်မှုတွေ လုပ်ဖို့ စီစဉ် ထားတယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေကြောင့် လုံခြုံရေး ရဲတွေက နေအိမ်တွေကို စီးနင်းခဲ့ကြပါတယ်။

အဲဒီ စီးနင်းမှုမှာ လက်နက် အပြည့် ကိုင်ဆောင်ထားတဲ့ လုံခြုံရေး ဝန်ထမ်းပေါင်း ၈၀၀ ကျော် ပါဝင်ခဲ့ပြီး လူ ၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထောက်လှမ်းရေး သတင်းတွေအရ အများပြည်သူ ကြားမှာ ခေါင်းဖြတ် သတ်တာ အပါအဝင် သတ်ဖြတ်မှုတွေ လုပ်ဆောင်ဖို့ သြစတြေးလျ နိုင်ငံသား ဖြစ်တဲ့ အကြီးတန်း IS အဖွဲ့ဝင် တစ်ယောက်က အမိန့်ပေး ခဲ့တယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောပါတယ်။

အဲဒီလို သတ်ဖြတ်ဖို့ အစီအစဉ်မှာ အများပြည်သူထဲက ကြုံရာလူ တစ်ယောက်ယောက်ကို IS အဖွဲ့ အလံ လွှမ်းခြုံပြီး ခေါင်းဖြတ် သတ်ဖို့လည်း ပါဝင်တယ်လို့ သြစတြေးလျ သတင်းဌာနက ထုတ်ပြန်ပါတယ်။

အခု စီးနင်းခဲ့တဲ့ အကြမ်းဖမ်း နှိမ်နင်းမှု စစ်ဆင်ရေးဟာ သြစတြေးလျ သမိုင်းမှာ အကြီးမားဆုံး ဖြစ်တယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ