စကော့ ခွဲထွက်ရေး ခေါင်းဆောင် နှုတ်ထွက်

  • 19 စက်တင်ဘာ 2014
alex_salmond
Image caption စကော့တလန် လွတ်လပ်ရေး အိမ်မက် သေဆုံးမှာ မဟုတ်ဘူး လို့ ပြောတဲ့ အဲလက်ဇ် ဆာလ်မန်

စကော့တလန် ဟာ ယူကေ ကနေ သီးခြား လွတ်လပ်ရေး မရ ယူတော့ဘူး ဆိုပြီး လူထု ဆန္ဒ ခံယူပွဲ ရလာဒ် ထွက်ပေါ် လာခဲ့ အပြီးမှာ လွတ်လပ်ရေး အတွက် ဦးဆောင် ဆော်ဩခဲ့သူ စကော့တလန် ရဲ့ ပထမ ဝန်ကြီး အဲလက်ဇ် ဆာလ်မန် ရာထူး ကနေ နှုတ်ထွက် သွားပြီ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ မှာ ကျင်းပမယ့် စကော့တစ်ရှ် အမျိုးသားရေး ပါတီ ရဲ့ နှစ်လည် ညီလာခံမှာ ပါတီ ခေါင်းဆောင် အဖြစ်ကနေပါ ဆင်းပေးမယ် လို့ မစ္စတာ ဆာလ်မန် က သတင်းထောက် တွေကို ပြောပါတယ်။

စကော့တလန် အတွက် ကိုယ်ပိုင် အခွင့်အာဏာတွေ ပိုမို ပေးမယ် ဆိုပြီး ယူကေ ရဲ့ အဓိက နိုင်ငံရေး ပါတီကြီး ၃ ခု ကနေ အာမခံထား သလို၊ အခုအချိန်ဟာ စကော့တလန် အတွက် အခွင့်အရေးကောင်း ဖြစ်တယ် လို့ မစ္စတာ ဆာလ်မန် က ပြောပြီး၊ သူ့ရဲ့ သီးခြား လွတ်လပ်ရေး အိပ်မက်ဟာ ဘယ်တော့မှ သေဆုံးမှာ မဟုတ်ဖူးလို့ ဆိုပါတယ်။

တခါ၊ ယူကေ ရဲ့ အစိတ်အပိုင်း အဖြစ်နဲ့ပဲ နေမယ်လို့ စကော့တလန် ရဲ့ အဆုံးအဖြတ် အပေါ်၊ ယူကေ မှာ ရှိသူ အားလုံးက လေးစားမှာ ဖြစ်တယ် လို့ ဘုရင်မကြီး Queen Elizabeth က ပြောလိုက်ပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး မိသားစု မိတ်ဆွေနဲ့ အိမ်နီးချင်း တွေ အကြား ဖြစ်ပေါ်ခဲ့တဲ့ မတူညီတဲ့ စိတ်ခံစားမှုတွေ အပေါ်၊ တစ်ဦးနဲ့ တစ်ဦး နားလည် သည်းခံခြင်း တို့နဲ့ ပြန်လည် ထိန်းညှိ ပေးနိုင် ကြလိမ့်မယ် ဆိုပြီး တော့လည်း ဘုရင်မကြီး က ပြောပါတယ်။ ဒီလို အပြန်အလှန် လေးစားမှုတွေနဲ့ အတူ စကော့တလန် ရဲ့ အနာဂတ်အရေး ကို အပြု သဘောဆောင် လုပ်နိုင်ကြ မှာ သေချာကြောင်း ဘုရင်မကြီး က ဆိုခဲ့ပါတယ်။

ဒီ အချိန်မှာပဲ၊ စကော့တလန် ရဲ့ ဆုံးဖြတ်ချက် အပေါ် အမေရိကန် သမ္မတ အိုဘားမား ကလည်း ကြိုဆို လိုက်ပြီး ၊ ယူကေ နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု အကြား ထားရှိတဲ့ ခိုင်မာသော အထူး ဆက်ဆံရေး ကို ဆက်လက် ထားရှိသွား ဖို့ မျှော်လင့် နေပါကြောင်း ပြောလိုက်ပါတယ်။ ဥရောပ ကော်မရှင်ရဲ့ အကြီးအကဲ ဖြစ်သူ ဟိုဇေး မဲနွဲ ဘာရူဇူ ကလည်း စကော့တလန် ဆန္ဒခံယူပွဲ ကနေ ထွက်ပေါ်လာခဲ့တဲ့ ရလာဒ်ဟာ ညီညွတ်သော ဥရောပ အတွက် ကောင်းမွန်ကြောင်း ပြောပါတယ်။

စကော့တလန် ဆန္ဒခံယူပွဲ ရလာဒ် မထွက်ပေါ် လာမှီမှာပဲ စပိန် နိုင်ငံရဲ့ ကတ်တာလိုနီးယား ဒေသရဲ့ ပါလီမန်က စပိန် ကနေ သီးခြား လွတ်လပ်ရေး ရယူဖို့ ဆန္ဒ သဘောထား ကောက်ခံကြည့် ဖို့ ဥပဒေကြမ်း တစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ ဒီလို ဆန္ဒမဲ ကောက်ခံမှု ဟာ လာမယ့် နိုဝင်ဘာလ ထဲမှာ ဖြစ်လာ နိုင်ပေမယ့် စပိန် အစိုးရကတော့ လူထု ဆန္ဒခံယူပွဲ လုပ်မယ် ဆိုရင် ဥပဒေနဲ့ မညီကြောင်း ပြောနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ