ကားဒစ်ရှ် ဒုက္ခသည်တွေ တူရကီဘက် ထွက်ပြေး

  • 20 စက်တင်ဘာ 2014
_turkey_syria ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်ပြေးဒုက္ခသည်တွေ တူရကီဘက် ထွက်ပြေးလာ

အိုင်အက်စ် အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ ဟာ ဆီးရီးယား မြောက်ပိုင်း ကို ထိုးဖေါက်လာပြီး ကိုဘိန်းမြို့နယ် ဖက် က ကျေးရွာတွေ ကို သိမ်းပိုက် လိုက်တဲ့ အတွက်၊ ဒီ အရပ်မှာ နေထိုင် ကြတဲ့ ဆီးရီးယန်းကဒ်စ် လူမျိုး တွေ ဟာ တူရကီ နိုင်ငံ ဆီ ထွက်ပြေး တိမ်းရှောင် လာကြတယ် လို့ ဘီဘီစီ သတင်းထောက် မာခ့်လိုဝင် က ပြောပါတယ်။

တူရကီ အစိုးရ ကလည်း ပြီးခဲ့တဲ့ သောကြာနေ့ က နယ်စပ် ကို ဖွင့်ပေးပြီး စစ်ပြေးဒုက္ခသည် တွေ ကို ဝင်ခွင့် ပြုလိုက်တဲ့ အခါမှာ ၂၄ နာရီ အတွင်း လူပေါင်း ခြောက်သောင်း ခြောက်ထောင်ကျော် ရှိသွား ပါပြီ။ ကားဒစ်ရှ် တိုက်ခိုက်ရေး သမား ၃ဝဝ ခန့်လည်း၊ ကိုဘိန်းမြို့ ကို ထိန်းသိမ်း ကာကွယ် နိုင်အောင်၊ ဆီးရီးယား နိုင်ငံဘက် ဝင်သွား ကြပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည် ရှမ်ဆာ ကတော့၊ သူ့ခင်ပွန်းဟာ သူနဲ့ သမီး ကို တူရကီ နယ်စပ် ဘက်မှာ ထားခဲ့ပြီး၊ ကိုဘိန်းမြို့ဘက် ကို ပြန်ဝင်သွားတယ် လို့ ပြောပါတယ်။

သူတို့ အနေနဲ့ ကိုယ့်မြို့ ကိုယ့်ရွာ မှာပဲ ဘယ်လိုဘဲ နေရနေရ နေချင်တဲ့ အကြောင်း၊ သမီးကြောင့်သာ ဒီဘက် ကိုရောက်လာ ရတာ လို့ ပြောပါတယ်။ သူ့ ခင်ပွန်း ဆိုလည်း၊ သူယုံကြည် တာ ကို ဆက်လုပ်ရအောင် ပြန်သွားတာရယ်၊ သူတို့ လည်း သူများတိုင်းပြည် မှာ ဒုက္ခသည် အနေနဲ့ မနေချင်သလို၊ ကိုယ့်တိုင်းပြည် မှာ သေရတာတောင် ကြိုက်သေးတယ် လို့ ပြောပါတယ်။

ကိုဘိန်းမြို့နယ် တဝိုက် သာ အိုင်အက်စ် တို့ လက်ထဲ ကျသွားခဲ့ရင်၊ ဆီးရီးယား တူရကီ နယ်စပ်ဖက်က နယ်မြေ တွေ အတော်များများ အသိမ်းခံ ရဖို့ ရှိကြောင်း ဘီဘီစီ သတင်းထောက် မာခ့်လိုဝင် က ရှင်းပြ ပါတယ်။