ညှဉ်းပမ်းတဲ့ ကိရိယာတွေ တရုတ် တင်ပို့နေ

  • 23 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption လျှပ်စစ်ဓာတ် လွှတ်နိုင်တဲ့ တရုတ်လုပ် နံပါတ်တုတ်

တရုတ် ကုမ္ပဏီတွေဟာ နှိပ်စက် ညှဉ်းပမ်းရာမှာ သုံးနိုင်တဲ့ ပစ္စည်း ကိရိယာတွေကို ထုတ်လုပ်ပြီး ကမ္ဘာတလွှားက ရဲတပ်ဖွဲ့ တွေကို ရောင်းချ နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ဖြစ်တဲ့ Amnesty International က ပြောလိုက်ပါတယ်။

လျှပ်စစ်ဓာတ် လွှတ်နိုင်တဲ့ နံပါတ်တုတ်တွေ၊ သံချွန်တပ် ဒုတ်တွေ၊ သံကြိုးတွေနဲ့ တွဲထားတဲ့ လည်ပင်းနဲ့ လက်ကို ချည်တဲ့ သံကွင်းတွေကို တရုတ် ကုမ္ပဏီပေါင်း ၁၃၀ က ထုတ်လုပ် တင်ပို့နေတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။ ဒီ ကုမ္ပဏီတွေထဲမှာ အများစုက နိုင်ငံပိုင် ကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တချို့ လက်နက် ကိရိယာတွေကို ရဲလုပ်ငန်းမှာ တရားဝင် သုံးနေပေမယ့် ဒီကိရိယာတွေဟာ လူ့ခန္ဓာကိုယ်ကို ဆိုးဆိုးဝါးဝါး ထိခိုက် စေနိုင်တာက လွဲပြီး တခြား အသုံးမရှိဘူးလို့လည်း ဆိုပါတယ်။

တရုတ်ဆီက ဒီလို ပစ္စည်းတွေ မှာယူနေတဲ့ နိုင်ငံတွေထဲမှာ အာဖရိကနဲ့ အရှေ့တောင် အာရှက လူ့အခွင့်အရေး မှတ်တမ်း မကောင်းတဲ့ နိုင်ငံတွေ အများအပြား ပါနေတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ