ဝီဂါလူမျိုး ပညာရှင်ကို တရုတ် ထောင်တသက်ချ

  • 23 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တရားရုံးကို နိုင်ငံခြား သံရုံးတွေ တက်ရောက်ခွင့် မရ

တရုတ်နိုင်ငံမှာ လူနည်းစု ဝီဂါ မျိုးနွယ် တစ်ဦး ဖြစ်ပြီး ထင်ရှားတဲ့ ပညာရှင် တစ်ဦးကို ခွဲထွက်ရေး အတွက် လှုံ့ဆော်မှုတွေနဲ့ အပြစ်ရှိတယ်လို့ ဥရွမ်ချီမြို့ တရားရုံးက ဆုံးဖြတ်ပြီး ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချလိုက်ပါတယ်။

သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ ပစ္စည်းတွေ အားလုံးကို သိမ်းဆည်း ဖို့လည်း တရားရုံးက အမိန့်ချ ခဲ့ပါတယ်။

တက္ကသိုလ် ပါမောက္ခဟောင်း တစ်ယောက် ဖြစ်တဲ့ Ilham Tohti ဟာ နိုင်ငံ အနောက် မြောက်ပိုင်း ရှင်ကျင်း ပြည်နယ်က မူဆလင် ဝီဂါတွေ အပေါ် တရုတ် အစိုးရရဲ့ ကိုင်တွယ်ပုံ မူဝါဒတွေကို အမြဲ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

သူ့ကို အခုလို ထောင်ချခဲ့တဲ့ အတွက် ရှင်ကျင်း ဒေသမှာ အဓိကရုဏ်းတွေ ထပ်ဖြစ် လာနိုင်တယ် လို့လည်း သုံးသပ် သူတွေက ဆိုပါတယ်။

မစ္စတာ Ilham Tohti ဟာ တဖက်မှာတော့ ကွန်မြူနစ် ပါတီဝင် တယောက်လည်း ဖြစ်ပြီး ဝိဂါတွေနဲ့ အာဏာပိုင်တွေ အကြား ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လာအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။

အခုလို ထင်ရှားတဲ့ သဘောထား ပျော့ပြောင်းသူ တစ်ဦးကို ချမှတ် လိုက်တဲ့ ပြစ်ဒဏ်ဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ ဥရောပ သမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ