အမေရိကန်လေကြောင်းစစ်ဆင်မှုကို IS ခံနေရ

  • 23 စက်တင်ဘာ 2014
_tomahawk_cruise_missile_ ဓာတ်ပုံ မူပိုင် Reuters
Image caption Tomahawk cruise missile နဲ့ ပစ်ခတ်

အမေရိကန်သမ္မတ အိုဘားမား က အိုင်အက်စ် အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ကို တိုက်တဲ့ အခါ မှာ တကိုယ်တော် တိုက်ပွဲဆင်နေတာ မဟုတ်ဘဲ၊ မိတ်ဖက် နိုင်ငံတွေ ဖြစ်တဲ့ ဆော်ဝ်ဒီ၊ အာရပ် စော်ဘွားများနိုင်ငံ၊ ဂျော်ဒန်၊ ဘာရိန်း နဲ့ ကာတာ နိုင်ငံတွေ နဲ့ ပူးပေါင်း စစ်ဆင်တဲ့ အကြောင်း ပြောပါတယ်။

အဲဒီအတွက် ဆွန်နီ မွတ်စလင် အာရပ် အများစု ရှိတဲ့ ဆော်ဝ်ဒီ နဲ့ ဂျော်ဒန် ပါ ဝင်ပါတဲ့ အတွက် ထူးခြားမှု ရှိတဲ့ အကြောင်း ဘီဘီစီ သံတမန်ရေးရာ သတင်းထောက် ဂျော်နသန် မားကတ်စ် က သုံးသပ် ပါတယ်။ သမ္မတ အိုဘားမား ပြောတဲ့ အထဲမှာ၊ အားလုံးဟာ ညီညီညွတ်ညွတ် နဲ့ ရပ်တည်ကြမယ်၊ ဒီညီညွတ်မှု ကနေ အင်အားအပြည့်အဝ ရှိတဲ့ သတင်း စကား ကို တကမ္ဘာလုံး သိစေမယ် ဆိုရင် အမေရိကန် ဟာ အမြဲတန်း အင်အားကြီးတဲ့ နိုင်ငံ အဖြစ် ရှေ့က မားမားမတ်မတ် ရပ်နိုင်ပါတယ်။ ဒီလို စုပေါင်း တိုက်ခိုက်မှု ဟာ အချိန်ယူရသလို စိမ်ခေါ်မှု တွေ နဲ့ လည်း ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ တကမ္ဘာလုံး တည်ငြိမ် အေးချမ်းဖို့ အတွက် အကြမ်းဖက်မှု တွေ ကိုတော့ ချေမှုန်းရမှာ ဘဲ လို့ အိုဘားမား က ပြောသွားပါတယ်။

အိုင်အက်စ် တွေ ရဲ့ ပစ်မှတ် ကို မြေထဲပင်လယ်ဘက် စစ်သင်္ဘော တွေ ထက် ကနေ တိုမာဟော့ခ် ခရုစ် ဒုံးပျံ တွေ နဲ့ ပစ်ခတ်ရာမှာ ဆီးရီးယား မြောက်ပိုင်း ဘက်ကျပါတယ်။ ပင်တဂွန်စစ်ဌာနချုပ် က ဒုတိယ ဗိုလ်ချုပ်ကြီးဝီလီယံ မေဗီးလ် ကတော့ အိုင်အက်စ် တွေ ကို လျှော့တွက်လို့ မရတဲ့ အကြောင်း သတင်းထောက်တွေ ကို ပြောပါတယ်။

အိုင်အက်စ် တွေ ဟာ ကျစ်လစ်တဲ့ အဖွဲ့အစည်း ဖြစ်သလို သတင်းအချက် အလက် လည်းစုမိဆောင်းမိ ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဒီရက်ပိုင်း အတွင်းမှာ သူတို့ ကို လေကြောင်း စစ်ဆင်မှု ပြုတဲ့ဆိုပေမဲ့ သူတို့ ဟာ ခံနိုင်ရည်ရှိကြပါတယ်။ နောက်ခံ ငွေကြေး လည်းတောင့် သလို၊ ဒီဘက် က တိုက်ခိုက်မှု ကို ဘယ်လိုတုံပြန့်မယ် ဆိုတာကို လေ့လာနေတဲ့ အပိုင်းလည်း ရှိတဲ့ အကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးဝီလီယံ မေဗီးလ် က ပြောတာပါ။

အီရန် သမ္မတရူဟာနီ ကတော့ ဆီးရီးယား အစိုးရ ရဲ့ သဘောတူညီမှု မပါဘဲ၊ သူတို့နိုင်ငံ မြောက်ပိုင်းရှိ အိုင်အက်စ် ကို ချေမှုန်းရာမှာ တရားမဝင်ဘူး လို့ ကုလ အထွေထွေညီလာခံ တက်ဖို့ နယူးယောက် ရောက်နေခိုက် ပြောပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အပိုင်းမှာ ပူးပေါင်းမှု မရှိဘူး လို့ မယူဆ စေချင်တဲ့ အကြောင်း ပြောတာကို ဘီဘီစီ ပါးရှန်းဌာန မှ သတင်းထောက် ကက်စရာ နာဂျီ က သတင်းပေးပို့လိုက်ပါတယ်။