လူ တစ်ထောင်ကျော်ကို ဥရောပ ရဲအဖွဲ့ ဖမ်းဆီး

  • 24 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption သိမ်းဆည်းရမိတဲ့ ကိုကင်း အထုပ်တွေ

ဥရောပ ဒေသက ဂိုဏ်းဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နှင်း တိုက်ဖျက်ရေးတွေ ထဲမှာ အကြီးမားဆုံးလို့ ဆိုတဲ့ စစ်ဆင်မှုကြီး အတွင်း လူ တစ်ထောင်ကျော်ကို ဖမ်းဆီး ထိန်းသိမ်း လိုက်တယ်လို့ Europol ဥရောပ ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အဓိက ပစ်မှတ်ထား အရေးယူခဲ့ သူတွေထဲမှာ လူမှောင်ခို ကူးသူတွေ၊ မူးယစ်ဆေး မှောင်ခိုကူးသူတွေနဲ့ ပစ္စည်းဥစ္စာ ဆိုင်ရာ ပြစ်မှု ကျူးလွန်သူတွေ ပါဝင်တယ်လို့ သိရပါတယ်။

ကလေး အယောက် ၃၀ ပါဝင်တဲ့ လူ ၂၀၀ လောက်ကို လူမှောင်ခို ကူးသူတွေ လက်ထဲကနေ ကယ်လိုက်နိုင်ပြီး မူးယစ်ဆေး အများအပြားကိုလည်း သိမ်းဆည်း မိခဲ့ပါတယ်။

အခုလ အစောပိုင်းက လုပ်ခဲ့တဲ့ အဲဒီ စစ်ဆင်မှုအတွင်း EU ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အားလုံးနဲ့ တခြား နိုင်ငံ ၆ နိုင်ငံက ရဲတပ်ဖွဲ့တွေ ပါဝင် ခဲ့ကြတယ်လို့ Europol က ပြောပါတယ်။

နယ်စပ် ဖြတ်ကျော် ကျူးလွန်တဲ့ ပြစ်မှုတွေကို တိုက်ဖျက်ရေး အတွက် အီးယူရဲ့ အဓိက ဦးစားပေး ကိစ္စတွေထဲမှာ ဒီစစ်ဆင်ရေးက ထိပ်ဆုံးက ပါခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ