IS ရဲ့ ရေနံ စက်ရုံတွေကို ကန် ဦးတည် တိုက်ခိုက်

  • 25 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption အမေရိကန်ရဲ့ F-18E Super Hornet တိုက်လေယာဉ် အီရတ် မြောက်ပိုင်း ဝေဟင်မှာ ဆီဖြည့်စဉ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် တွေက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ကို လေကြောင်းကနေ တိုက်ခိုက်နေရာမှာ တတိယ မြောက်နေ့ တိုက်ခိုက်မှု အဖြစ် ဆီးရီးယားမှာ ရှိတဲ့ IS အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံချက် စက်ရုံ ၁၂ ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီ ပစ်မှတ်တွေကို အမေရိကန်၊ ဆော်ဒီ အာရေဗျနဲ့ ယူအေအီး နိုင်ငံတို့က တိုက်လေယာဉ် တွေနဲ့ တိုက်ခိုက် ခဲ့ကြပြီး IS တိုက်ခိုက်ရေး သမား ၁၄ ဦးနဲ့ ဆီးရီးယား အရှေ့ပိုင်းက အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီ ရေနံချက် စက်ရုံတွေဟာ IS စစ်သွေးကြွတွေ အတွက် တစ်နေ့ကို ဒေါ်လာ ၂ သန်း အထိ ဝင်ငွေ ရှာပေးနေတာ ဖြစ်ကြောင်း အမေရိကန် စစ်တပ်က ဆိုပါတယ်။

အခု တိုက်ခိုက်မှုဟာ IS စစ်သွေးကြွတွေကို သတ်ဖြတ်ဖို့ အဓိက ရည်ရွယ်တာ မဟုတ်ဘဲ IS အဖွဲ့ အတွက် အဓိက ဝင်ငွေ ရှာပေးနေတဲ့ နေရာ ဌာနတွေကိုသာ ဦးတည် တိုက်ခိုက်တာ ဖြစ်တယ်လို့ ပင်တဂွန်က ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

ဆီးရီးယား မြောက်ပိုင်းက Kobani မြို့ကို ချီတက်လာတဲ့IS အဖွဲ့ စစ်သွေးကြွတွေကို ခုခံ နိုင်ခဲ့တယ်လို့ ကာ့ဒ်တပ်ဖွဲ့ တွေက ပြောပါတယ်။

ဆီးရီးယား အစိုးရ တပ်ဖွဲ့ တွေကတော့ ဒမာ့စကာ့ မြို့တော် အရှေ့မြောက်ပိုင်းက ဗျူဟာအရ အရေးပါတဲ့ အက်ဒရာ မြို့ကို ပြန်သိမ်း နိုင်ပြီလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ