ISကို အနိုင်တိုက်ဖို့ လေကြောင်းတိုက်ခိုက်မှုနဲ့ မလုံလောက်

  • 27 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင်
Image caption နိုင်ငံရေး နည်းလမ်း အရရော၊ မြေပြင် တိုက်ခိုက်မှုပါ လုပ်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကြီး Dempsey ပြော

အမေရိကန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Martin Dempsey က လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့အပေါ် ထိခိုက်မှုတွေ ရှိမှာ ဖြစ်ပေမယ့် လေကြောင်း တိုက်ခိုက်မှု တခု တည်းနဲ့တင် အနိုင်တိုက်ဖို့ မလုံလောက်ဖူးလို့ သတိပေး ပြောကြားလိုက်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ IS လက်နက်ကိုင်တွေကို အနိုင်တိုက်ဖို့ နိုင်ငံရေး နည်းလမ်းအရရော၊ မြေပြင် တိုက်ခိုက်မှုပါ လိုမယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ မြေပြင် တိုက်ခိုက်မှုတွေ လုပ်ဖို့ အတွက် အလယ်အလတ် သဘောထား ရှိတဲ့ ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် တသောင်း နှစ်ထောင် လောက် လိုလိမ့်မယ်လို့ လည်း ဗိုလ်ချုပ်ကြီး Martin Dempsey က ပြောပါတယ်။

ရုရှားကတော့ ဆီးရီးယားနိုင်ငံမှာ အမေရိကန်နဲ့ အာရပ် နိုင်ငံတွေက လေကြောင်း ကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့တာဟာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေကို ချိုးဖောက်ရာ ကျတယ်လို့ ပြောကြားလိုက်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ IS လက်နက်ကိုင် အဖွဲ့ရဲ့ စခန်းတွေကို လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်ခင် ရုရှားရဲ့ မိတ်ဘက် ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ်ဆီက အတည်ပြုချက် ယူသင့်တယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က သတင်းထောက်တွေကို နယူးယောက်မြို့မှာ ပြောသွားပါတယ်။