အာဖဂန် နစ္စတန်မှာ သမ္မတသစ် ကျမ်းကျိန်

  • 29 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီးချုပ် ရာထူးအတွက် ကျမ်းကျိန်တဲ့ အဗ္ဗဒူလာ (ဝဲ) နဲ့ သမ္မတသစ် ဂါနီ (ယာ)

အာဖဂန် နစ္စတန် နိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီ နည်းကျ အာဏာ လွှဲပြောင်းမှု အဖြစ် ဟာမစ် ကာဇိုင်းရဲ့ သမ္မတ ရာထူးကို အာရှရပ်ဖ် ဂါနီ Ashraf Ghani က လွှဲပြောင်း ယူခဲ့ပြီး သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

အာဖဂန် သမ္မတသစ် အာရှရပ်ဖ် ဂါနီက IS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ ရဲ့ အန္တရာယ် သူ့နိုင်ငံကို ပြန့်နှံ့ လာနိုင်တယ်လို့ သတိပေးလိုက်ပြီး အာဖဂန် နစ္စတန် အနေနဲ့ ပြည်ပက တိုက်ခိုက်ရေး သမားတွေကို မလိုလားဘူးလို့ သူက ပြောပါတယ်။

အာဏာ မျှဝေရေး သဘောတူညီချက် လက်မှတ်ရေးထိုး အပြီး ၈ ရက်အကြာမှာ ပြုလုပ်တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ သမ္မတသစ် အာရှရပ်ဖ် ဂါနီက တာလီဘန်နဲ့ တခြား လက်နက်ကိုင်တွေကို လက်နက်တွေ စွန့်လွှတ်ပြီး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ကြဖို့ တောင်းဆို လိုက်ပါတယ်။

အာဏာ မျှဝေရေး သဘောတူညီချက် အရ ဝန်ကြီးချုပ် ရာထူးနဲ့ ညီမျှတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးကို လက်ခံဖို့ ကျမ်းကျိန်ခဲ့တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ ကလည်း ခေါင်းဆောင် ၂ဦး ပူးတွဲပြီး ရိုးသားမှုနဲ့ ယုံကြည်မှုတို့ကို အခြေခံကာ ပိုမို ကောင်းမွန်တဲ့ အနာဂတ် အတွက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တစ်ချိန်တည်းမှာ အခုလို ကျမ်းကျိန်ပွဲ အခမ်း အနား ပြုလုပ်တဲ့ နေ့မှာပဲ လူ ၁၅ ယောက်ထက် မနည်း သေဆုံး ခဲ့ရတဲ့ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကာဘူးလ် မြို့တော် လေဆိပ် အနီးမှာ ဖြစ်ခဲ့တဲ့ အသေခံ ဗုံးခွဲမှုမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးခဲ့ရပြီး နိုင်ငံ အရှေ့ပိုင်း ပက်တီယာ ပြည်နယ်က အစိုးရ အဆောက်အဦးတွေ တိုက်ခိုက် ခံရမှုမှာတော့ နောက်ထပ် ၈ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ