သပိတ်ရပ်ဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး တိုက်တွန်း

  • 30 စက်တင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption မြို့လယ် အချက်အချာ နေရာတွေကို ပိတ်ဆို့ ဆန္ဒပြ

ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး ဆန္ဒပြမှုတွေကို ချက်ချင်း ရုပ်သိမ်းကြဖို့ ဟောင်ကောင် အုပ်ချူပ်ရေးမှုး စီ ဝိုင် လျန် C Y Leung က ထပ်မံ တောင်းဆို လိုက်ပေမယ့် သောင်းနဲ့ ချီတဲ့ လူထုကြီးက ဆက်လက် ဆန္ဒပြ နေကြပါတယ်။

လာမယ့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ပါဝင် အရွေးခံမယ့် သူတွေကို စိစစ်ဖို့ ပြဋ္ဌာန်းထားတဲ့ တရုတ် အစိုးရရဲ့ စည်းကမ်းချက် တွေကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆို ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသမားတွေဟာ စီးပွားရေး အချက်အခြာကျရာ အရပ်တွေမှာ ပိတ်ဆို့ နေရာယူ ထားကြပြီး အုပ်ချူပ်ရေးမှုး မစ္စတာ လျန်ကိုလည်း ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆို နေကြပါတယ်။

မစ္စတာ လျန်ကတော့ တရုတ်ပြည်မကြီး အနေနဲ့ လာမယ့် ဟောင်ကောင် ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံမယ့် သူတွေကို စိစစ် ကန့်သတ်ထားတဲ့ ဥပဒေ အပေါ် ပြောင်းလဲပေးမှာ မဟုတ်တဲ့ အကြောင်း ပြောခဲ့ပါတယ်။

တရုတ်အစိုးရကလည်း ဟောင်ကောင် အာဏာပိုင်တွေ အပေါ် ထောက်ခံမှု အပြည့်အဝ ပေးကြောင်းနဲ့ အခု ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေဟာ ဥပေဒနဲ့ မညီကြောင်း တရုတ် နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရ Hua Chunying က ပြောသွားပါတယ်။

ဆန္ဒပြသမားတွေ ကတော့ တရုတ် အမျိုးသားနေ့ ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်၊ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ပိုမို ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ရည်ရွယ် ထားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ