အီရတ်ဝန်ကြီးချုပ် နဲ့ ဘီဘီစီ သီးသန့်တွေ့ဆုံ

  • 1 အောက်တိုဘာ 2014
_abadi_bbc_304x171
Image caption အီရတ် ဝန်ကြီးချုပ် နဲ့ ဘီဘီစီ တွေ့ဆုံ

အီရတ် ဝန်ကြီးချုပ် ဟိုက်ဒါ အယ်လ် အဘာဒီ ကို ဘီဘီစီ သတင်းထောက် Lyse Doucet က ဘဂ္ဂဒက်မြို့တော် မှာ သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရတဲ့ အခါ မှာ၊ သူ့ အနေနဲ့ အိုင်အက်စ် အစ္စလာမ္မစ် အဖွဲ့ ကို တိုက်ခိုက်ရာ မှာ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ကို ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းဖို့ လိုအပ် ကြောင်း ပြောပါတယ်။

အထူးသဖြင့် အီရန် ဟာ ညွန့်ပေါင်းတပ်ဖွဲ့ ထဲ မှာ မပါဝင်သေး ပေမဲ့၊ အနောက်နိုင်ငံ တွေ အနေနဲ့ရော၊ အာရပ်နိုင်ငံ တွေ အနေနဲ့ပါ၊ အီရန် နဲ့ လက်တွဲ လုပ်ကြဖို့ တိုက်တွန်းလိုက် ပါတယ်။ အိုင်အက်စ် အဖွဲ့ ဟာ ဘက်ဂ်ဒက်မြို့တော် နဲ့ ဆိုရင် ၅ မိုင် အကွာ မှာ ရောက်နေပြီ ဆိုတော့ ဒီ အချက်ကိုရော၊ စိတ်ပူပင်မှု ရှိမရှိ မေးကြည့် ရာမှာ အီရတ်တပ် အနေနဲ့ ကိုင်တွယ် ခုခံ နိုင်ကြောင်း ပြောပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ကို လည်း အီရတ် မြို့တွေက ပြည်သူတွေ ကို အကာကွယ်ပေး ဖို့ အကူအညီ တောင်းထားတဲ့ အကြောင်း၊ ဒေးဗစ်ကင်မရွန် ဘက်ကလည်း အီရတ် တပ်ဖွဲ့တွေ ကို စစ်ရေး လေ့ကျင့်မှု သင်တန်းပေးဖို့ နဲ့ ထောက်လှမ်းရေး ပညာရပ် ပို့ချ ပေးရေး ကူညီပါ့မယ် ဆိုတဲ့ ကတိစကား ရပြီးကြောင်း မစ္စတာ အယ်လ် အဘာဒီ က ပြောပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ အီရတ်မြေပေါ် မှာ ဘယ် နိုင်ငံခြား တပ်ဖွဲ့ မှ ဝင်ရောက်ပြီး၊ အိုင်အက်စ် အဖွဲ့ ကို တိုက်ခိုက်တာ ကို လက်မခံ တဲ့ အကြောင်း၊ လေကြောင်း တိုက်ပွဲတွေ အရ အကာကွယ်ပေး တိုက်ပေးရုံ နဲ့ အီရတ် စစ်တပ် က မြေပြင်တိုက်ပွဲ ကို တာဝန်ယူနိုင်ကြောင်း လည်း မစ္စတာ အယ်လ် အဘာဒီ က ဘီဘီစီ ကို ရှင်းပြပါတယ်။

အာရပ် နိုင်ငံ တပ်ဖွဲ့တွေ အနေနဲ့ လည်း၊ အိမ်နီးချင်း၊ ဆီးရီးယား ရှိ အိုင်အက်စ် အဖွဲ့ ရဲ့ အခြေစိုက် စခန်းတွေ ကို တိုက်ပေးရေးဟာ အခရာ ကျပုံလည်း ပြောပါတယ်။

အာရပ်နိုင်ငံတွေ အနေနဲ့ ဆီးရီးယားမှာ ရှိတဲ့ အိုင်အက်စ် စခန်းတွေ ကို တိုက်ခိုက်မှု မပြုနိုင်ရင် သူတို့ အနေနဲ့ အီရတ်မြေပေါ်မှာ အိုင်အက်စ် ကို တွန်းလှန်ဖို့ မလွယ် တဲ့ အကြောင်း၊ အီရတ်တပ်တွေ ဆီးရီးယား ထဲ ဝင်ပြီး တိုက်ဖို့လည်း မဖြစ်နိုင်တဲ့ အတွက် နိုင်ငံတကာ တပ်တွေ ကသာ၊ ဆီးရီးယားဘက် က အိုင်အက်စ် တွေ အီရတ်ဘက် ကူးမလာနိုင်အောင်၊ အကူအညီတောင်းရတာပါ လို့ ရှင်းပြပါတယ်။

တဖက်မှာ လည်း အီရတ် ကို ခြိမ်းခြောက်နေတဲ့ အိုင်အက်စ် ရန် ကို ညွန့်ပေါင်း တပ်က ပစ်မှတ်ထားတာ ကို လည်း လက်ခံရေးအတွက်၊ အီရတ် ကိုယ်စလှယ် အဖွဲ့ ကို ဆီးရီးယား ဘက် စေလွှတ် ပြီးကြောင်း ဘီဘီစီ သတင်းထောက် Lyse Doucet နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်း မှာ အီရတ် ဝန်ကြီးချုပ် ဟိုက်ဒါ အယ်လ် အဘာဒီ က ပြောပြပါတယ်။