ဟောင်ကောင် ဆန္ဒပြသူတွေနဲ့ အစိုးရကြား ဆွေးနွေးဖို့ သဘောတူ

  • 3 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့ အောင်မြင်မှု မရသေးပေမယ့် တိုးတက်မှု ရှိခဲ့တယ်လို့ ဆန္ဒပြသူတွေ ပြော

ဟောင်ကောင်မှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ ၅ရက်ကြာ ဖြစ်ပွားခဲ့အပြီးမှာ ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေက အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ဒီလို ညှိနှိုင်း ဆွေးနွေးဖို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး C Y လီယုန်ရဲ့ ကမ်းလှမ်းချက်ကို ဆန္ဒပြ ကျောင်းသား တွေက လက်ခံလိုက်တာပါ။

မစ္စတာ C Y လီယုန် ရာထူးက မဆင်းပေးရင် အစိုးရ အဆောက်အအုံတွေကို သိမ်းပိုက်ထားမယ်လို့ ကျောင်းသားတွေက ခြိမ်းခြောက် သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ရက် အချိန် ဖြစ်တဲ့ ကြာသပတေးနေ့ည သန်းခေါင်ချိန် မကျော်ခင်လေးမှာတင် မစ္စတာ C Y လီယုန်က နှစ်ဘက် တွေ့ဆုံ ညှိနှိုင်းဖို့ ကမ်းလှမ်းခဲ့တာပါ။

သတ်မှတ် နောက်ဆုံး အချိန်ကတော့ အေးအေးချမ်းချမ်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

မစ္စတာ C Y လီယုန်က အုပ်ချုပ်ရေးမှူးရာထူးကို သူ ဆက်ကိုင်ထားမယ်လို့ ပြောခဲ့ပြီး အစိုးရ အဆောက်အအုံတွေကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူတွေအနေနဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ အကျိုးဆက်နဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးသွားပါတယ်။

အစိုးရ အဆောက်အအုံနား တဝိုက်မှာတော့ တင်းမာတဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိနေပြီး ဆန္ဒပြသူတွေက ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပပေးဖို့ ဆက်လက် တောင်းဆိုနေကြပါတယ်။

ဒီအတောအတွင်းမှာပဲ ဟောင်ကောင်ရဲ့ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ဗြိတိသျှ အစိုးရက စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း အာဏာပိုင်တွေနဲ့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေအကြား တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့တော့ ကြိုဆိုလိုက်ပါတယ်။

လန်ဒန်မြို့မှာ ရှိတဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ နှစ်ဘက်စလုံး အနေနဲ့ အပြုသဘော ဆွေးနွေးညှိနှိုင်းကြမယ်လို့ မျှော်လင့် ကြောင်း ဖေါ်ပြထားပါတယ်။

ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုအောက်ကနေ တရုတ်အစိုးရ လက်ထဲ ဟောင်ကောင်ကို ပြန်လွှဲအပ်ခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းက လက်မှတ် ရေးထိုး သဘောတူထားခဲ့ချက် အတိုင်း ဟောင်ကောင် ဒေသခံတွေရဲ့ အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ အရေးကြီးကြောင်း အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထား ပါတယ်။