ဇာတ်ခွဲခြားမှု ပြင်ဖို့ အိန္ဒိယဝန်ကြီးချုပ်တိုက်တွန်း

သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ကြီးချုပ်မိုဒီ
Image caption သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ကြီးချုပ်မိုဒီ

အိန္ဒိယဝန်ကြီးချုပ်မိုဒီက သန့်ရှင်းတဲ့တိုင်းပြည် ဖြစ်ဖို့ လှုပ်ရှားမှု စတင်ရာမှာ ဝန်ထမ်း တွေအနေနဲ့ စိတ်ထားကိုပါ ပြုပြင်ပြောင်းလဲဖို့ အစိုးရအမှုထမ်းတွေကို တိုက်တွန်းလိုက်ပါတယ်။ သန့်ရှင်းရေး လုပ်တယ်ဆိုတာ အောက်ခြေက တံမြက်စည်းလှည်းသူတွေရဲ့ အလုပ်သာ မဟုတ်ဘူးလို့ ဇာတ်နိမ့်တွေရဲ့ အလုပ်ကိုရည်ညွှန်း ပြောကြားသွားပါတယ်။ တကယ်တော့ အိန္ဒိယမှာ လူအများစုက ဇာတ်ခွဲခြားတဲ့ စနစ်အောက်မှာ မွေးဖွားလာကြပါတယ်။

ဇာတ်အမြင့်ဆုံးတွေက သန့်ရှင်းပြီး အောက်ပိုင်း ဇာတ်တွေက မသန့်ရှင်းဘူးဆိုတဲ့ အယူအဆဟာ သူတို့ဘဝအတွက် ဘာမှပြောင်းလဲလို့မရတဲ့ အချက်ဖြစ်ပါတယ်။ လူတွေမလုပ်ချင်ဆုံးဖြစ်တဲ့ မိလ္လာသိမ်းတာ လမ်းတွေသန့်ရှင်းတာကို ဇာတ်နိမ့်တွေက အများဆုံး လုပ်ကြရပါတယ်။ အများစုတို့ဟာဒီ အလုပ်မျိုးလုပ်ဖို့ တွန့်ဆုတ်ကြပါတယ်။ အသက်၇၀ အမျိုးသမီးကြီးကဆို ပါးစပ်တွေ နှာခေါင်းတွေပိတ်ပြီး အိမ်သားကျုံးရလို့ အသက်တောင် မရှူနိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

လူတွေရဲ့ မစင်လို အညစ်အကြေးတွေကို ကိုင်တွယ်ရတာဟာ မူးမော်တာ အသက်ရှူကြပ် ရောဂါနဲ့ ကာဘွန်မိုနောက်ဆိုက်လို အဆိပ်သင့်စေတဲ့ ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေပါတယ်။ ဒါကိုဇာတ်နိမ့်တွေက နှစ်နဲ့ချီပြီးလုပ်ကိုင် စားသောက်ရပါတယ်။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ ကိုယ်တိုင် ဇာတ်ခွဲခြားတာကို ရှုံ့ချခဲ့ပေမယ့် အဆုံးမသတ် နိုင်ခဲ့ပါဘူး။ ဇာတ်စနစ်ကို ဥပေးအရ ၁၉၅၀ပိုင်းတွေက တားမြစ်တာလည်း မအောင်မြင်ပါဘူး။

အိန္ဒိယလူမှု ဓလေ့ထုံးစံကိုယ်နှိုက်က ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ဖို့လူ သတ်သတ်လိုပြီး အရာရှိတွေကတော့ အကျင့်ပျက်တာ မဆန်းဘူးလို့ ယုံကြည်ကြပါတယ်။ ဇာတ်နိမ့်တွေ အောက်ခြေအလုပ်မလုပ်ရင် အခြိမ်းခြောက်ခံရတယ်လို့ Human Rights Watch အဖွဲကပြောပါတယ်။ ဒါကြောင့်လူအတော်များများက ဇာတ်ခွဲခြားတာ မခံရအောင် ဟိန္ဒူ ဘာသာကနေ အခြားဘာသာကို ကူးကြပါတယ်။ ဒါပေမယ့် အကြမ်းဖက် ခြိမ်းခြောက်ပြီးတော့ ဇာတ်ခွဲခြားတဲ့ စနစ်ကြောင့် အိန္ဒိယဟာ သန့်ရှင်းတဲ့ နေရာဒေသ ဖြစ်ဖို့ အများကြီးလိုနေ သေးတယ်လို့ ဘီဘီစီတောင်အာရှ အယ်ဒီတာ ချားလ် ဟယ်ဗီလန်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ