IS အဖွဲ့ရဲ့ လူမဆန်မှုတွေ ကုလ ထုတ်ဖော်

  • 2 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဇွန်လက စပြီး အီရတ် မြောက်ပိုင်း နယ်မြေတွေကို IS အဖွဲ့က စတင် သိမ်းပိုက်ခဲ့

အီရတ် နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေဟာ သီတင်း ၉ ပတ် အတွင်းမှာ မယုံနိုင် လောက်အောင် ဖြစ်ပျက် ခဲ့တယ်လို့ ကုလ သမဂ္ဂရဲ့ အစီရင်ခံစာမှာ အထောက် အထားနဲ့ တကွ ဖော်ပြ ထားပါတယ်။

အဲဒီ အစီရင်ခံစာမှာ ဇူလိုင် ၆ ရက် ကနေ စက်တင်ဘာ ၁၀ ရက် အတွင်း IS စစ်သွေးကြွတွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ဖော်ပြထားပါတယ်။

လူပေါင်း ၅၀၀ ကို တွေ့ဆုံ မေးမြန်းပြီး ထုတ်ပြန်ခဲ့တဲ့ ဒီ အစီရင်ခံစာမှာ IS တို့ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို အသေးစိတ် ဖော်ပြထားသလို၊ မိန်ကလေးငယ် တွေနဲ့ အမျိုးသမီး တွေကို ပြန်ပေးဆွဲပြီး လိင်ကျွန်အဖြစ် အသုံးပြုတာတွေ၊ ကလေးတွေကို တိုက်ခိုက်ရေး သမားတွေ အဖြစ် အသုံးပြုနေတာတွေကို ဖော်ပြထားပါတယ်။

အီရတ် ခေါင်းဆောင်တွေ အနေနဲ့ IS အဖွဲ့ သိမ်းပိုက်ထားတဲ့ နေရာတွေကို အမြန်ဆုံး ပြန်လည် ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

အီရတ် အစိုးရ တပ်ဖွဲ့တွေ ဘက်ကလည်း IS စစ်သွေးကြွ တွေကို လေကြောင်း ကနေ တိုက်ခိုက်ရာမှာ အရပ်သားတွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေနဲ့ တခြား ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ