ဗြိတိသျှ ဓါးစာခံ အသတ်ခံရမှု ဝန်ကြီးချုပ် ရှုတ်ချ

  • 4 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် b
Image caption အများအကျိုး ဆောင်ရွက်ခဲ့တဲ့ Alan Henningကို အမြဲ ဂုဏ်ယူ အမှတ်ရ နေမယ်လို့ ကျန်ရစ်သူ မိသားစု ပြော

ဗြိတိသျှလူမျိုး Alan Henning ကို IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့က ခေါင်းဖြတ် သတ်ခဲ့တာဟာ ဆင်ခြင်တုံ တရား ကင်းမဲ့တဲ့ စက်ဆုတ် ရွံရှာစရာ လုပ်ရပ် ဖြစ်တယ်လို့ ဗြိတိသျှ အစိုးရက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်တဲ့ ကယ်ဆယ်ရေး ဝန်ထမ်း Alan Henning ကို သတ်ခဲ့သူတွေကို ဗြိတိသျှ အစိုးရအနေနဲ့ နည်းမျိုးစုံ သုံးပြီး လိုက်လံ ရှာဖွေ မယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။

Alan Henning ရဲ့ ကျန်ရစ်သူ မိသားစု ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ Alan Henning အန္တရာယ် ရှိတဲ့ အခြေအနေမှာ ရောက်နေပေမယ့် ပြန်လွတ် လာမယ်လို့ သူတို့ မျှော်လင့်ခဲ့ကြောင်း၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့တဲ့ သူ့လုပ်ရပ်တွေအတွက် အမြဲ ဂုဏ်ယူ အမှတ်ရနေမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

သောကြာနေ့တုန်းက မစ္စတာ Henning ကို မျက်နှာဖုံး စွပ်ထားတဲ့ ဂျီဟာ့ဒ် ဝါဒီတဉီးက ခေါင်းဖြတ်သတ်နေပုံလို့ ယူဆရတဲ့ ဗီဒီယိုရုပ်ပုံကို IS အဖွဲ့က အင်တာနက်ပေါ် တင်ခဲ့ပါတယ်။

သတ်ခဲ့သူရဲ့ လေယူလေသိမ်းဟာ အရင် ခေါင်းဖြတ်သတ်မှုတွေကို ကျူးလွန်ခဲ့သူလို့ ယူဆရတဲ့ အစ္စလာမစ် လက်နက်ကိုင်ရဲ့ လေယူလေသိမ်းလိုပဲ ထပ်တူ ဗြိတိသျှ လေသံ ပေါက်နေတာ တွေ့ရပါတယ်။

ဗီဒီယို အဆုံးမှာတော့ IS က သူတို့ ထိန်းသိမ်းထားတဲ့ နောက်အနောက်နိုင်ငံသား တဉီးကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။

အဲဒီလူဟာ အမေရိကန် ကယ်ဆယ်ရေး ဝန်ထမ်း Peter Kassig လို့ သိရပါတယ်။