ဆန္ဒပြသူတွေ လူစုခွဲကြဖို့ ပန်ကြား

  • 4 အောက်တိုဘာ 2014
 tai ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ရိုက် တင်မြှောက် ခွင့် ရဖို့ တောင်းဆို

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေ အဆုံးသတ် သွားဖို့ ဟောင်ကောင် အမှုဆောင် အကြီးအကဲ C Y လွန်း က ဆန္ဒပြသူ တွေကို ကျောင်းတွေ၊ အစိုးရ အဆောက် အအုံ တွေကို ပိတ်ဆို့ မထား ကြဖို့ ပြောကြား လိုက်ပါတယ်။

မစ္စတာ C Y လွန်း က တနင်္လာနေ့ ရုံးတွေ ပြန်ဖွင့်တဲ့အခါ အစိုးရ ဌာနချုပ် တွေထဲ ဝင်ခွင့် ပိတ်ဆို့ ဟန့်တား တာတွေ မလုပ်ကြဖို့ ဆန္ဒပြသူတွေကို ရုပ်မြင်သံကြား ကနေ ပြောကြား သွားပါတယ်။

လမ်းမတွေ ပေါ်ထွက် တိုက်ခိုက် တာမျိုးကနေ လူမှုရေး ပြဿနာ တွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း မစ္စတာ C Y လွန်း က ပြောခဲ့ပြီး ဆန္ဒပြသူ တွေ လူစုခွဲ ကြဖို့ ပန်ကြားသွားပါတယ်။

ဆန္ဒပြသူ တွေ ဘက်ကလဲ ရုံးဝန်ထမ်းတွေ ရုံးပြန်တက်မှာကို နှောင့်ယှက်မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဆန္ဒပြ ခေါင်းဆောင် ဘန်နီ တိုင် ကတော့ သူတို့ အနေနဲ့ မစ္စတာ လွန်း ကိုပဲ ပစ်မှတ်ထား လိုတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒီလူတွေ ဟာ တော်လှန် အုံကြွ နေသူတွေ မဟုတ်ဘဲ ၂ဝ၁၇ ရွေးကောက်ပွဲမှာ မြို့ အုပ်ချုပ်ရေးမှူး ကို တိုက်ရိုက် ရွေးကောက် တင်မြှောက်နိုင် ခွင့် ရဖို့ကိုပဲ တောင်းဆို နေကြတာ လို့ သူက ပြောပါတယ်။

တရုတ် အစိုးရကို ထောက်ခံတဲ့ အုပ်စုတွေနဲ့ မနေ့တုန်းက ထိပ်တိုက် ရင်ဆိုင်မှု တွေ ဖြစ်ပွားခဲ့ အပြီးမှာ ဆန္ဒပြသူတွေက အာဏာပိုင် တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ အစီအစဉ် တွေကို ပယ်ဖျက်ခဲ့ကြပါတယ်။

အဲဒီ ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း ဆန္ဒပြသူ တွေကို တိုက်ခိုက်ဖို့ ရာဇဝတ် ဂိုဏ်းသား တွေကို ခွင့် ပြုခဲ့တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက် တွေကို ဟောင်ကောင် ရဲတွေက ငြင်းဆို လိုက်ပါတယ်။

ထိပ်တိုက် ရင်ဆိုင်မှုတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၉ ဦးထဲက ၈ဦး ဟာ ရာဇဝတ် ဂိုဏ်းသား တွေ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ