ဆေးပညာ နိုဘယ်ဆု ၃ ဦး ပူးတွဲ ရရှိ

  • 6 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဆေးပညာ နိုဘယ်ဆုရှင် ၃ ဦး

၂၀၁၄ ခုနှစ် အတွက် ဆေးပညာ ဆိုင်ရာ နိုဘယ် ဆုကို ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆေးပညာရှင် ၃ ယောက်က ပူးတွဲ ရရှိသွားပါတယ်။

တည်ရှိရာ နေရာကို မှတ်မိ သိရှိဖို့ ဦးနှောက်ထဲက ဆဲလ်တွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို တွေ့ရှိခဲ့တဲ့ အတွက် ဆေးပညာရှင် ၃ ဦး ဖြစ်တဲ့ John O'Keefe, May-Britt Moser နဲ့ Edvard Moser တို့က ဆေးပညာ နိုဘယ်ဆုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သိပ္ပံ ပညာရှင် ၃ ဦးရဲ့ တွေ့ရှိချက် အရ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေကို သိရှိ မှတ်မိအောင် ဦးနှောက်က ဘယ်လို အလုပ်လုပ်တယ်၊ ရှုပ်ထွေးတဲ့ ဝန်းကျင်မှာ တစ်နေရာနဲ့ တစ်နေရာ သွားလာ နိုင်အောင် ဦးနှောက်က ဘယ်လို လုပ်ဆောင် ပေးတယ် ဆိုတာကို ပိုမို သိရှိနားလည် သွားစေတယ်လို့ ဆုရွေးချယ်ရေး ကော်မီတီက ပြောပါတယ်။

အခု တွေ့ရှိချက်ကြောင့် အယ်လ်ဇိုင်းမား လို့ ခေါ်တဲ့ ကိုယ့် ဝန်းကျင်မှာ ဘာရှိမှန်း မမှတ်မိ တော့တဲ့ မှတ်ဉာဏ် ချို့ယွင်းတဲ့ ရောဂါဟာ ဘာကြောင့် ဖြစ်တယ် ဆိုတာကိုလည်း သိအောင် လုပ်နိုင်ကောင်း လုပ်နိုင် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

John O'Keefe က ဗြိတိသျှ အမေရိကန် ဆေးသုတေသီ ဖြစ်ပြီး May-Britt နဲ့ Edvard Moser တို့ကတော့ နော်ဝေ နိုင်ငံသား ဆေးသုတေသီ ဇနီးမောင်နှံ ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ