ဟောင်ကောင် ဆွေးနွေးပွဲ အစိုးရက ပယ်ဖျက်

  • 9 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဆန္ဒပြသူ ဦးရေ ခုရက်ပိုင်းမှာ လျော့နည်းလာ

ဟောင်ကောင်မှာ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တွေနဲ့ သောကြာ နေ့မှာ တွေ့ဆုံမယ့် ဆွေးနွေးပွဲကို ဟောင်ကောင် အစိုးရက ဖျက်လိုက်ပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေက ထပ်မံ ပိတ်ဆို့ဖို့ လှုံ့ဆော် လိုက်တာကြောင့် ဆွေးနွေးမယ် ဆိုရင်လည်း အလုပ်ဖြစ်အောင် ညှိနှိုင်းလို့ ရမှာ မဟုတ်ကြောင်း ဟောင်ကောင် အတွင်းရေးမှူးချုပ် Carrie Lam က ပြောပါတယ်။

အခုလို ဆွေးနွေးပွဲ ပယ်ဖျက်ဖို့ မကြေညာမီက ဒီဆွေးနွေပွဲမှာ အစိုးရဘက်က လိုက်လျောမှုတွေ မရှိခဲ့ရင် ပိတ်ဆို့ ဆန္ဒပြမှုတွေ ထပ်တိုး လုပ်ဆောင်ဖို့ ဆန္ဒပြ ခေါင်းဆောင် တွေက ဆော်သြ ခဲ့ပါတယ်။

ဆန္ဒပြ သမားတွေဟာ လာမယ့် ၂၀၁၇ ရွေးကောက်ပွဲမှာ ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်ကို လုံးဝ လွတ်လပ်စွာ ရွေးချယ်ခွင့် ရဖို့အတွက် တောင်းဆို နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ထောင်သောင်း ချီတဲ့ ဆန္ဒပြသူ တွေကြောင့် ဟောင်ကောင် မြို့လယ်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ပြီး အခု ရက်ပိုင်း မှာတော့ ဆန္ဒပြသူ အရေအတွက် သိသိသာသာ လျော့နည်းခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ