ကိုရီးယား ၂ နိုင်ငံ နယ်ခြားမှာ ပစ်ခတ်

  • 10 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပူပေါင်းတွေ ပစ်လွှတ်ဖို့ တောင်ကိုရီးယား ဘက်က လှုပ်ရှားသူတွေ ပြင်ဆင်စဉ်

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံ မြေပြင် နယ်ခြားမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို ရှုတ်ချထားတဲ့ စာရွက်တွေ သယ်ဆောင်တဲ့ မိုးပျံ ပူပေါင်းတွေကို တောင်ကိုရီးယား ဘက်က လှုပ်ရှားသူ အချို့က လွှတ်တင်ခဲ့ အပြီးမှာ အခုလို ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

တောင်ကိုရီးယား အနေနဲ့ အခုလို လှုပ်ရှားသူတွေကို မတားဆီးဘူး ဆိုရင် ဒုက္ခ အကြီးအကျယ် ရောက်သွားမယ် လို့လည်း ပြုံယမ်းက သတိပေး လိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ၂ ဘက် ထိခိုက် ဒဏ်ရာ ရတဲ့ သတင်း ထွက်မလာပေမယ့် ပြီးခဲ့တဲ့ ၄ နှစ်က နှစ်နိုင်ငံ အမြောက်နဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း အခု ပစ်ခတ်မှုဟာ အကြီးမားဆုံး လို့ သတ်မှတ် နိုင်ကြောင်း ကိုးရီးယားက ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကြား နယ်နိမိတ် အငြင်းပွား ရေပြင်မှာ အခါ အားလျော်စွာ ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အခုလို မြေပြင် နယ်ခြားမှာ ပစ်ခတ်တာဟာ မရှိသလောက် ရှားပါတယ်။

ကျန်းမာရေး အခြေအနေကြောင့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်း မတက်ရောက် နိုင်ခဲ့တဲ့ ကွန်မြူနစ် ပါတီ နှစ်ပတ်လည် အခမ်းအနား ကျင်းပရာ ဒီနေ့မှာ ခုလို ပစ်ခတ်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ