ဂါဇာဒေသအတွက် ကမ္ဘာ့နိုင်ငံတွေ ငွေလှူဒါန်းမယ်။

  • 13 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဂါဇာမှာ စစ်ပွဲကြောင့် နေအိမ် တသောင်းကျော်နဲ့ စာသင်ကျောင်း တရာကျော် ပျက်စီးခဲ့တယ်လို့ ခန့်မှန်းရ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ညီလာခံမှာ အလှူရှင် နိုင်ငံတွေက ဂါဇာဒေသ အတွက် ၅ ဒဿမ ၄ ဘီလျံ ဒေါ်လာ လှူမယ်လို့ ကတိပြုခဲ့ကြပြီး အဲဒီထဲက တဝက်ဟာ အခုနှစ်အတွင်း အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ရက်ပေါင်း ၅၀ကြာ တိုက်ပွဲဖြစ်ခဲ့စဉ် ထိခိုက် ပျက်စီးခဲ့ တာတွေကို ပြန်လည် တည်ဆောက်ဖို့ အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော် ကြေညာလိုက်တဲ့ အလှူငွေ စုစုပေါင်းဟာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ် မေတ္တာ ရပ်ခံထားတဲ့ ပမာဏထက် တစ် ဘီလျံတောင် ပိုများခဲ့ပါတယ်။

ကာတာ နိုင်ငံတခုထဲကတင် တစ်ဘီလျံ ဒေါ်လာ လှူမယ်လို့ ကတိပြုခဲ့ပါတာပါ။

ကိုင်ရိုမြို့မှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က အခုချိန်ဟာ ပါလက်စတိုင်းတို့လည်း ဂုဏ်သိက္ခာ ရှိ၊ အစ္စရေးတို့အတွက်လည်း လုံခြုံမှု ရှိစေမယ့် ရေရှည် ငြိမ်းချမ်းရေး စီမံကိန်း တခု ချမှတ် ရမယ့် အချိန် ဖြစ်တယ်လို့ ပြောသွားပါတယ်။