အီဘိုလာ ဘယ်ကစ

  • 13 အောက်တိုဘာ 2014
ebola ဓာတ်ပုံ မူပိုင် PA
Image caption အီဘိုလာရောဂါ ကူးစက်မှု ကျန်းမာရေး ဝန်ထမ်းများ အကာအကွယ်လိုအပ်

အီဘိုလာ ဗိုင်းရပ်စ် ပိုးကြောင့် သေဆုံးသူ အရေ အတွက် ဟာ အခု ဆိုရင် ၄၀၀၀ နီးပါး ရှိပါပြီ။ အီဘိုလာ ရောဂါဟာ ဘယ်လို ရောဂါ ပါလဲ။ ဘယ်လို နည်းနဲ့ ကူးစက် ပြန့်ပွား နေတာ ပါလဲ။

အနောက် အာဖရိကကို ဗဟိုပြု ဖြစ်ပွား နေတဲ့ အီဗိုလာ ကူးစက် ရောဂါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါး ကတည်းက စတင် တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် ပေါင်း ၄၀ သက်တမ်းအတွင်းမှာ အခု တကြိမ် ဖြစ်ပွား မှုဟာ အဆိုးဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် WHO ရဲ့ မှတ်တမ်းအရ အခုတကြိမ်မှာ အကူးစက်ခံရသူ အရေ အတွက် ၈၀၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

အီဘိုလာရောဂါဟာ သေစေလောက်တဲ့ အဖျားရောဂါတမျိုးဖြစ်ပြီး ရောဂါဖြစ်ပွားသူ ၅၀ ရာနှုန်းကနေ ၉၀ ရာနှုန်းအထိ သေဆုံးမှုရှိတာတွေ့ရပါတယ်။

ဒီရောဂါ ဘယ်က စသလဲဆိုတော့ အာဖရိကတိုက်က သစ်တောထဲမှာနေတဲ့ လင်းနို့တမျိုးကနေ စတင်တယ်လို့ ယူဆကြပါတယ်။

သစ်သီးစားလင်းနို့လို့ ခေါ်တဲ့ အဲဒီလင်းနို့အမျိုးအစားဟာ ရုပ်ကမြေခွေးမျက်နှာ အငယ်စားနဲ့ ဆင်လို့ မြေခွေးပျံလို့လည်း တချို့ကခေါ်ကြပါတယ်။

ဒီရောဂါဖြစ်ပွားမှုကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အီဘိုလာ မြစ်နားမှာ စတင်ဖြစ်ပွားတာကို သိရှိခဲ့ရလို့ အီဘိုလာရောဂါ ၊ အီဘိုလာဗိုင်းရပ်စ်လို့ နာမည် ပေးခဲ့တာဖြစ်ပါတယ်။

သွေး၊ ဝမ်း၊ အန်ဖတ် စတဲ့ လူ့ကိုယ် ခန္ဓာက ထွက်တဲ့ အရည်တွေ ထဲမှာ ပိုးအမြောက် အများ ပါဝင်တဲ့ အတွက် အကာ အကွယ်တွေ ပြုလုပ်ဖို့ လိုပါတယ်။ ထုတ်ပြန် ထားတဲ့ စည်းကမ်းတွေ ကို လိုက်နာ ဖို့ လိုပါတယ်။ ဖျားနာ နေတဲ့ သူတွေ ဆိုရင် ပိုပြီး ကူးစက် လွယ်ပါတယ်။

ဒါပေမဲ့ အရေ ပြားမှာ ပွန်းပဲ့ အနာ ရှိမှသာ ကူးစက်တယ်လို့ ဆိုပါတယ်။ တုတ်ကွေး ရောဂါလို့ လေထဲ ကနေ ကူးစက် ပြန့်ပွား တာမျိုး မဖြစ် ပါဘူး။

ရောဂါ စတင် ကူးစက် ပြီဆို ရင် အဖျားဝင် လာပါတယ်။ ကိုက်ခဲ လာပါတယ်။ မောပန်း လာပါတယ်။ ခေါင်းကိုက်တာ လည်ပင်း နာတာ ဖြစ်လာ တတ်ပါတယ်။ အဲဒီနောက်မှာတော့ အန်တာ၊ ဝမ်းလျှောတာ၊ အရေပြားမှာ အနီစက်တွေ ပေါ်ထွက် လာတာ ကိုယ်တွင်း သွေးထွက် တာတွေ ဆက်ဖြစ်ပြီး ပိုဆိုး လာရင် ခန္ဓာကိုယ်တွင်း ကလီ စာတွေ ပျက်စီး တာနဲ့ ရေဓါတ် ခမ်းခြောက် တာဖြစ်ပွားပြီး အသက်ဆုံးရှုံးတတ်တာ ဖြစ်ပါတယ်။

ဒီရောဂါကို တိတိကျကျ ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဆေးတချို့ဟာ စမ်းသပ်ဆဲဖြစ်ပါတယ်။ ဇိမက်ပ်လို့ ဆေးမျိုးကို အာဖရိကမှာ အသုံးပြုဖို့ ခွင့်ပြုခဲ့ပေမဲ့ လူနာတိုင်းကို အသက်မကယ်နိုင်ပါဘူး။