လန်ဒန်ဟီးသရိုးလေဆိပ် မှာအီဘိုလာစစ်ဆေးမှု စတင်

  • 13 အောက်တိုဘာ 2014
ebola_screening_304x171_ ဓာတ်ပုံ မူပိုင် AFP
Image caption အီဘိုလာဗိုင်းရပ် ရှိမရှိ စစ်ဆေး

အနောက်အာဖရိက က စလို့ ကူးစက် ပြန့်ပွားမှု ဖြစ်လာ တဲ့ အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ဟာ ဒီခေတ် ဒီအခါမှာ အရေး အကြီးဆုံး ကျန်းမာရေး အရေးပေါ် ကိစ္စရပ် လို့ ကုလသမဂ္ဂ ရဲ့ ထိတ်တန်း ကျန်းမာရေး အရာရှိ ရဲ့ ပြောကြားချက် ကို ဘီဘီစီ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ သတင်းထောက် မာခ့်ဒွိုင်းလ် က ဂါနာ နိုင်ငံ က သတင်းပေးပို့ လိုက်ပါတယ်။

အခုဆိုရင်၊ ကုလသမဂ္ဂ က ဂါနာ မှာ ဒေသတွင်း ရုံးခန်းဖွင့်လှစ်လိုက်ပြီး၊ အီဘိုလာ ပြန်နှံ့မှု ကို အနီးကပ် လေ့လာနေပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ထိန်းတန်း အရာရှိ ဒေါက်တာ အီရန်စမစ်သ် က ဖိလိပိုင်မှာ ကျင်းပနေတဲ့ ကျန်းမာရေး ထိပ်သီးဆွေးနွေးပွဲ မှာ WHO အဖွဲ့ဥက္ကဌ မာဂရက်ချန်း ရဲ့ အမှာစကား ကို ပြောရာ မှာ၊ အခုလို အီဘိုလာ ဗိုင်းရပ်စ် ရောဂါ အနောက်အာဖရိက ကနေ ပြန့်နှံ့ လာမှု ဟာ၊ အင်မတန် စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း၊ အခုထိလည်း ပျောက်ကင်းအောင် ကုနိုင်မဲ့ ဆေးဝါး လည်း မတွေ့ရသေးလို့၊ အနောက်အာဖရိက ကနေ၊ တခြား အာဖရိက နိုင်ငံတွေ ဘက်၊ မပြန့်ရင်ဘဲ အင်မတန် ကံကောင်းတယ် လို့ ပြောနိုင်ပုံ တွေ ရှင်းပြ သွားတာပါ။

ဗြိတိန်နိုင်ငံ မှာလည်း ကြိုတင်ကာကွယ် မှု ကို ကနေ့ က စလို့ လန်ဒန် ဟီးသရိုး လေဆိပ် မှာ screening စစ်ဆေးမှု ပြုတော့မှာပါ။ ရှေ့တပတ်မှာတော့ Gatwick လေဆိပ် မှာပါ တိုးချဲ့ စစ်ဆေးမှု ပြုမယ် လို့ ဗြိတိသျှ ကျန်းမာရေး ဝန်ကြီး ဂျယ်ရမီဟန့် က ပြောပါတယ်။

ဗြိတိသျှ ကျန်းမာရေး ဆိုင်ရာ ကာကွယ်ရေး အေဂျင်စီ မှ အကြီးအကဲ ဒေါက်တာ ဒေးဗစ် ဟေးမန်း က၊ ကမ္ဘာ မှာ အီဘိုလာ ပြန့်နှံ့မှု တိုးလာဘွယ် ရှိတဲ့ အတွက် နိုင်ငံတိုင်း ကြိုတင် ပြင်ဆင် အကာအကွယ် ယူကြဖို့ အကြံပေးလိုက်ပါတယ်။ ကူးစက်ရောဂါ ဆိုတာ ပြန့်နှံ့တဲ့ နေရာ မှာ လျင်မြန်လို့၊ ကမ္ဘာ့ နိုင်ငံ တွေ ဘက်မှာ အီဘိုလာ ရောဂါသည် တွေ တွေ့ရမယ် လို့ သူထင်တဲ့ အကြောင်း၊ ဗိုင်းရပ်စ် ကူးစက် ခံလိုက်ရသူ ကိုယ်တိုင် က ချက်ချင်း မသိတဲ့ အတွက်၊ သူတို့ဟာ တခြား တနေရာ ရောက် မှ၊ အဖျားဝင် လာလို့ သိတဲ့ အခါမှာ၊ သူ့ အနားက နောက်လူတွေပါ ကူးစက်မှု ခံရပြီး ဖြစ်နေပါပြီ လို့ ရှင်းပြ သွားတာပါ။

ဒေါက်တာ ဒေးဗစ် ဟေးမန်း ဥပမာ ပေးတဲ့ နေရာမှာ အမေရိကန် နဲ့ စပိန် က ကျန်းမာရေး ဝန်ထမ်းတွေ ကို ထောက်ပြ သွားတာ ဖြစ်ပါတယ်။