ကမ္ဘောဇလေယာဉ်ပေါ်မှာ ISနဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့

  • 15 အောက်တိုဘာ 2014
Image caption လုံခြုံရေးအတွက် ရဲတပ်ဖွဲ့က တိုးမြှင့် ဆောင်ရွက်နေ

အောက်တိုဘာ ၁၃ ရက်နေ့ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရန်ကုန်-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ် KBZ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ကို တွေ့ခဲ့အပြီး လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြပါတယ်။

မန္တလေး လေဆိပ်မှာ လေယာဉ် ဆိုက်ထားချိန် လေယာဉ် သန့်ရှင်းရေး လုပ်စဉ်မှာ အဲဒီ စာရွက် စာတမ်းတွေကို တွေ့ရှိခဲ့တာ ဖြစ်ပြီး မန္တလေး ရဲတပ်ဖွဲ့ကနေ လေကြောင်း လုံခြုံရေး တပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

စာရွက်စာတမ်း တွေ့ရှိခဲ့ရာ ထိုင်ခုံမှာ ထိုင်သွားခဲ့သူ ခရီးသည်ကို လိုက်လံ စုံစမ်းပြီး စစ်ဆေး မေးမြန်းခဲ့ရာမှာ အဲဒီ ခရီးသည်က သူ့ရဲ့ စာရွက်စာတမ်းတွေ မဟုတ်ကြောင်း ငြင်းဆိုတယ်လို့ ဆိုပါတယ်။

IS အဖွဲ့နဲ့ ပတ်သက်တဲ့ အဲဒီ စာရွက်တွေဟာ အင်တာနက်ကနေ download လုပ်ထားတဲ့ စာရွက်တွေ ဖြစ်တယ်လို့လည်း ဒုရဲမှူးကြီး မြင့်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ဖို့ အယ်လ် ကိုင်ဒါအဖွဲ့ က စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်ကနေ မန္တလေးကို လာတဲ့ ကားတစင်းပေါ်မှာ ဖေါက်ခွဲရေး ပစ္စည်းတွေ သိမ်းဆည်းမိခဲ့ပါတယ်။

အရင်ကထက် စာရင် မြို့အဝင် ဂိတ်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ ပိုလုပ်နေပြီး လုံခြုံရေး စီမံချက် တရပ်အနေနဲ့ ဆောင်ရွက်နေတယ်လို့ ဒုရဲမှူးကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။