အီဘိုလာအတွက် အာဖရိက ၁၅နိုင်ငံကို ပိုကူမယ်

  • 16 အောက်တိုဘာ 2014
အီဘိုလာ ပညာပေး ပိုစတာ ဓာတ်ပုံ မူပိုင် Getty
Image caption အီဘိုလာ ပညာပေး ပိုစတာ

အီဘိုလာ ရောဂါနောက်ထပ် ပြန့်ပွားမှုကို ကာကွယ်ဖို့နဲ့ ရောဂါ တိုက်ဖျက်ရေးအတွက် အာဖရိက ၁၅နိုင်ငံကို အထူး အာရုံစိုက်ပြီး ကူညီသွား မယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က ပြောပါတယ်။ အီဘိုလာ ရောဂါကူးစက်မှုဟာ ၄ပတ် တကြိမ်လောက် ၂ဆဖြစ်လာပြီး အခုအခါ ရောဂါဖြစ်သူ ၉၀၀၀ကျော်နဲ့ သေဆုံးသူ ၄၅၀၀ကျော် သွားပြီလို့ WHO အရာရှိက ဂျနီဗာမှာ ပြောသွားပါတယ်။

အမေရိကန်ဆေးရုံတခုက သူနာပြု ဆရာမတယောက်ကို ဒုတိယမြောက် အဖြစ် အီဘိုလာ ကူးစက်တဲ့ သတင်းကို မီဒီယာတွေက အာရုံစိုက်ကောင်း စိုက်နိုင်ပေမယ့် တကယ် ဦးစားပေးရမှာကတော့ အာဖရိက ဖြစ်တယ်လို့ WHOက ပြောပါတယ်။ ကြောက်စရာ ကောင်းတဲ့ အနေအထားကတော့ ရောဂါဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတွေက အိမ်နီးချင်းနိုင်ငံတွေကို ပြန့်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအားနည်းတဲ့ မာလီ အိုင်ဗရီကိုးစ် တောင်ဆူဒန်နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတို့က ဒီအထဲမှာ ပါဝင်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ အီဘိုလာ ဖြစ်ပွားမှုကို စုံစမ်းပြီး အမြန်တုံ့ပြန်ဖို့ ရောဂါ မပြန့်ပွားအောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဖို့ သူတို့ကို နိုင်ငံတကာမှ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။

နိုင်ငံတကာက တုံ့ပြန်မှုနဲ့ပတ်သက်ရင် အလွန်စိတ်ပျက်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ပိုမြန်မြန်ဆန်ဆန် ကူညီသင့်တယ်လို့သူက ဘီဘီစီကို ပြောပါတယ်။ ဒါနဲ့တဆက်ထဲမှာဘဲ လက်ရှိ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါတိုက်ဖျက် ဖို့နိုင်ငံတကာအသိုင်းအဝိုင်းက ပိုလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။

အနောက် အာဖရိက နိုင်ငံတွေကို အကူအညီ တိုးပေးဖို့ လိုသလို အမေရိကန်နဲ့ ဥရောပတို့မှာလည်း ဒီလို ရောဂါဆိုးမျိုးအတွက် အမှားမခံနိုင်တဲ့အတွက် ဘယ်လောက် ခေတ်မီတဲ့ ကျန်းမာရေး မျိုးရှိပေမယ့် အကြံဉာဏ်တွေကို ပေးဖို့တော့လို အပ်သေးတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က ဝန်ခံသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ