ကုလ လုပ်ဆောင်ပုံ နှေးလို့ အီဘိုလာ ပိုပြန့်လို့ဆို

  • 17 အောက်တိုဘာ 2014
304x171 ဓာတ်ပုံ မူပိုင် epa
Image caption အီလိုလာ သတိပေးကြေညာချက်

အနောက်အာဖရိက မှာ အီဘိုလာ ပြန့်ပွားမှု ရပ်ဆိုင်းရေး အတွက် ကုလသမဂ္ဂ ရဲ့ ဆောင်ရွက်ချက် ဟာ အလေးအနက် ထားခြင်းမရှိဘူး လို့ ဒေသတွင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က အစီရင်ခံစာမှာ အပြစ်တင် ဝေဖန်ထားပါတယ်။

ကုလသမဂ္ဂ အေဂျင်စီ ဟာ သတင်း အချက်အလက် မပြည့်စုံခြင်း၊ ဝန်ထမ်းတွေ ကျွမ်းကျင်မှု မရှိခြင်း စတာတွေ ကြောင့် ဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ်ရာမှာ နှောင့်နှေး ကြန့်ကြာနေတဲ့ အကြောင်း၊ အစီရင်ခံစာ မူကြမ်းမှာ ဖေါ်ပြထားပါတယ်။

ဒီလိုစွပ်စွဲတာလည်း အသစ်အဆန်း မဟုတ်တဲ့ အကြောင်း ဂျီနီဗာ မှ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ အကြောင်း ကတော့ ဒေသဆိုင်ရာ အဖွဲ့တွေ ကြားမှာ ဆက်သွယ်မှု ညံ့ဖျင်းတဲ့ အတွက်၊ ဝေးသီခေါင်တဲ့ ကျေးရွာတွေ မှာ အီဘိုလာ ပြန့်ပွား ကူးစက်မှု လျင်မြန်ရာကနေ၊ မြို့ကြီးတွေ အထိ ရောက်လာတာကို ဒီ အစီရင်ခံစာ က မီးမောင်း ထိုးပြလိုက်တာပါ။

ကမ္ဘာ့ ဘဏ် ဥက္ကဌ ဂျင်ယွန်ကင်း ကတော့ အီဘိုလာ တိုက်ဖျက်ရေး မှာ ကမ္ဘာ့ နိုင်ငံတွေ ရှုံးနေရခြင်း က စုပေါင်း ဆောင်ရွက်ခြင်း မရှိကြလို့ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အီလိုလာ နဲ့ ပတ်သက်လို့၊ အာဖရိက မှာတင် သွေးပျက်နေကြတာ မဟုတ်ဘဲ၊ မက်စီကို ကျွန်းဘက် ကပ်လာတဲ့ အမေရိကန် အပျော်စီး သင်္ဘော ကိုပင်၊ ကမ်းကပ်ခွင့် ငြင်းပယ် လိုက်ပါတယ်။ အကြောင်း ကတော့ ဒီသင်္ဘော ဟာ အမေရိကန် တက်ဆက်ပြည်နယ် ဘက် က ထွက်ခွာလာတာ ဖြစ်ပြီး၊ အီဘိုလာ လူနာ သေဆုံးခဲ့တဲ့ ဒါးလက်စ် ဆေးရုံ က ဆေးဝန်ထမ်း တယောက်၊ သင်္ဘော ပေါ်မှာ ပါလာလို့ ဖြစ်ပါတယ်။