အာဖဂန်မှာ ဘိန်းနှိမ်နင်းမှု မအောင်မြင်

  • 21 အောက်တိုဘာ 2014
_opium_poppy_cultivation_ ဓာတ်ပုံ မူပိုင် Getty
Image caption အာဖဂန် ဘိန်းခင်း

အာဖဂန်နိုင်ငံ ဆိုင်ရာ အမေရိကန် အထူး စစ်ဆေးရေး အရာရှိချုပ် က အမေရိကန် အစိုးရ အနေနဲ့ ပြီးခဲ့တဲ့ ၁၃ နှစ် လုံးလုံး ဒေါ်လာ ၇ ဒဿမ ၅ ဘီလီယံ ကို အာဖဂန်နိုင်ငံ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အတွက် ပေးခဲ့ပေမဲ့၊ ဘိန်း အထွက်နှုန်း ဟာ ကြောက်ခမန်းလိလိ တိုးမြင့် နေပါတယ် လို့ ပြောပါတယ်။

အမေရိကန် အထူးစစ်ဆေးရေး အရာရှိချုပ် တင်သွင်းတဲ့ အစီရင်ခံစာ မှာ ဖေါ်ပြ ထား တာ ကို ဘီဘီစီ တောင်အာရှ သတင်းထောက် ဂျီလ်မက်ဂဗ်ဗရင်း က သတင်းပေးပို့ လိုက်တဲ့ အခါမှာ ပြီးခဲ့တဲ့နှစ် ဘိန်းအထွက်နှုန်း က ဆိုရင် မကြုံစဖူး တိုးမြင့်လာ တဲ့ အကြောင်း၊ ဒီနှစ် ဆိုရင် နိုင်ငံတဝန်းမှာ လုံခြုံရေး လျော့ရဲလာ တာ နဲ့ အမျှ ဘိန်းစိုက်ပျိုးမှုလည်း များလာနိုင်တာ ကြောင့် မနှစ် ကထက် ဘိန်း အထွက် တိုးလာနိုင်ပုံ ကို အမေရိကန် အစီရင် ခံစာ မှာ ဖေါ်ပြထားပါတယ်။

ဒီလို ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးမြင့်ရခြင်း သိရအောင် အာဖဂန် အစိုးရ မူးယစ်ဆေး တိုက်ဖျက်ရေး ဝန်ကြီးဌာန ရဲ့ ဒုတိယ ဝန်ကြီး ဟာရွန်း ရာရှစ် ရှာဇဒ် ကို ဘီဘီစီ က မေးမြန်းရာမှာ၊ အမေရိကန် ရဲ့ ထောက်ပံ့ငွေ က သူတို့ ဝန်ကြီးဌာန ကို တိုက်ရိုက် မပေးပဲ တခြား အဖွဲ့အစည်း တွေ ကို ပေးလို့၊ သူတို့ အနေနဲ့ ဘာမှ လုပ်လို့ မရပုံ၊ အမေရိကန် အစိုးရ က ပေးတဲ့ အဖွဲ့တွေ ကလည်း အဖွဲ့ဝင်တွေ အကြား မှာ ပဲ လခ တွေ အများကြီး ယူကြလို့ ဘိန်းတောင်သူတွေ ကို တခြား သီးနှံပင် အစားထိုး စိုက်ပျိုးဖို့ ဆိုတဲ့ နေရာမှာ လည်း တောင်သူတွေ ဟာ ထောက်ပံ့ငွေ ရဲ့ ၅ဝ ရာခိုင်နှုန်း တောင် မရကြပါဘူး လို့ ရှင်းပြပါတယ်။

ဒါကြောင့်မို့ လေ့လာ အကဲခတ်တွေ က ဘိန်းထုတ်လုပ်မှု အခုလို ကြီးမားနေတဲ့ အတွက် အစိုးရ အတွက် အခြေအနေ မကောင်းသလို၊ အဂတိလိုက်စားမှုတွေ အပြင် တာလီဘန် တွေ နဲ့ ရာဇဝတ် ဂိုဏ်းတွေ အတွက်ပါ ရံပုံငွေ တွေ ရှာရလွယ်သလို ဖြစ်နေကြောင်း သုံးသပ်ပြပါတယ်။