ဟောင်ကောင် အစိုးရနဲ့ ဆန္ဒပြသူတွေ ဆွေးနွေး

  • 21 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဟောင်ကောင် အဓိက နေရာတွေကို ပိတ်ဆို့ထားဆဲ

ဟောင်ကောင်မှာ သီတင်း ၄ ပတ် နီးပါး ကြာမြင့် လာတဲ့ ဒီမိုကရေစီရေး ဆန္ဒပြမှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အကျပ် ရိုက်မှုကို ဖြေရှင်း နိုင်ဖို့ ဟောင်ကောင် အစိုးရက ကျောင်းသား ခေါင်းဆောင် တွေနဲ့ စတင် ဆွေးနွေး နေပါတယ်။

ဒီဆွေးနွေးပွဲကို ရုပ်မြင်သံကြား ကနေ တိုက်ရိုက် ထုတ်လွှင့် နေပြီး လမ်းတွေပေါ်က ဆန္ဒပြသူတွေက စောင့်ကြည့် ခဲ့ကြပါတယ်။

အာဏာပိုင်တွေ အနေနဲ့ ဆန္ဒပြသူတွေရဲ့ အသံတွေကို နားထောင် နေပါကြောင်း၊ ဒါပေမယ့် တောင်းဆိုချက် တွေဟာ ကြောင်းကျိုး ဆီလျော်ပြီး ဥပဒေနဲ့ ညီညွတ်ဖို့ လိုကြောင်း အစိုးရဘက်က ညှိနှိုင်းရေး အကြီးအကဲ Carrie Lam က ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

နောက်တစ်ကြိမ် တွေ့တဲ့အခါ အာဏာပိုင်တွေဘက်က ၂၀၁၇ ရွေးကောက်ပွဲ အတွက် ခိုင်မာတဲ့ အကြံပြု ကမ်းလှမ်းချက်ကို ဆွေးနွေးမှာ ဖြစ်ကြောင်း၊ ၂၀၁၇ ရွေးကောက်ပွဲ ဟောင်ကောင် အုပ်ချူပ်ရေးမှုး ရွေးချယ်ရာမှာ မဲပေး ပိုင်ခွင့် ရှိသူ အားလုံးက လူတစ်ကိုယ် မဲတစ်မဲကျ မဲပေး ရွေးချယ် နိုင်ကြမှာ ဖြစ်ကြောင်း မစ် Lam က ပြောသွားပါတယ်။

ဆွေးနွေးပွဲ လာရောက်တဲ့ ကျောင်းသား တွေကတော့ ၂၀၁၇ ရွေးကောက်ပွဲမှာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး နေရာအတွက် ယှဉ်ပြိုင်မယ့် သူတွေကို ရွေးရာမှာ ပြည်သူတွေ ကန့်သတ်ချက် မရှိ ရွေးနိုင်ဖို့ အလိုရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကိစ္စ မဖြစ်နိုင်ကြောင်း ဟောင်ကောင် အစိုးရနဲ့ ဘေဂျင်းက အရာရှိတွေက ပြောခဲ့ပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြသူ အချို့ လျော့နည်း သွားပေမယ့် အရေးပါတဲ့ နေရာတွေကိုတော့ ဆန္ဒပြသူတွေက ပိတ်ဆို့ ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ