တုန်လှုပ်မှာ မဟုတ်ဟု ကနေဒါ ဝန်ကြီးချုပ် ပြော

  • 23 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါ ဝန်ကြီးချုပ် ရုပ်သံကနေ မိန့်ခွန်းပြောစဉ်

ကနေဒါ နိုင်ငံရဲ့ ပါလီမန်ထဲကို ဝင်ရောက်လာတဲ့ သေနတ် သမားကို အသေ ဖမ်းမိခဲ့ပြီးနောက် ကနေဒါ အနေနဲ့ ဘယ်လို ခြိမ်းခြောက် မှုကို မဆို ကြောက်လန့်မှာ မဟုတ်ကြောင်း ကနေဒါ ဝန်ကြီးချုပ်က အခိုင်အမာ ပြောပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Stephen Harper က ပြောရာမှာ ပစ်ခတ် ခဲ့သူဟာ အကြမ်းဖက် သမား တစ်ဦး ဖြစ်ပြီး အခုလို အကြမ်းဖက် မှုတွေကို တန်ပြန်ဖို့ အတွက် ပိုမို ထိရောက်အောင် ထပ်တိုး လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ ကတိပြု ခဲ့ပါတယ်။

သေနတ်သမားဟာ အစ္စလာမ် ဘာသာကို ပြောင်းလဲ ခံယူထားတဲ့ မွတ်ဆလင် တစ်ဦးလို့ သတင်းရရှိပြီး အိုတဝါမြို့ရှိ ပါလီမန်ထဲကို မဝင်ရောက်ခင်မှာ စစ်သူရဲကောင်း ကျောက်တိုင်က အစောင့် စစ်သား တစ်ဦးကို ပစ်သတ် ခဲ့ပါတယ်။

အဲဒီ မတိုင်ခင် တစ်ရက်ကလည်း ကနေဒါ အရှေ့ပိုင်းက Quebec နယ်မှာ စစ်သား တစ်ဦးကို မွတ်ဆလင် ပြောင်းလဲ ခံယူထားသူ တစ်ဦးက ပစ်သတ်မှု ဖြစ်ခဲ့ပါသေးတယ်။

အဲဒီ အစောပိုင်း တိုက်ခိုက်မှုဟာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့က လှုံ့ဆော်ပေးတဲ့ အစီအစဉ် ဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ကနေဒါ နိုင်ငံဟာ အီရတ်မှာ ရှိတဲ့ IS စစ်သွေးကြွတွေ အပေါ် ဆင်နွှဲနေတဲ့ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ပါဝင်မယ့် အစီအစဉ်ကို အခုလ အစောပိုင်းက ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ