အိုတဝါမြို့မှာ ပစ်ခတ်မှုဖြစ်လို့ သေဆုံး

  • 23 အောက်တိုဘာ 2014
canada_304x171_reuter ဓာတ်ပုံ မူပိုင် Reuters
Image caption အိုတဝါမြို့တော် မှာ ပစ်ခတ်မှု

မနေ့ မနက် ၁၀ နာရီ မထိုးခင် မှာ ကနေဒါ နိုင်ငံ အိုတဝါ မြို့ရှိ စစ်သူရဲကောင်း အထိမ်းအမှတ် ကျောက်တိုင် မှာ တာဝန် ကျသူ စစ်သား ကို သေနတ်သမား တဦး က ပစ်ခတ် ပြီး၊ အနီးရှိ ပါလီမန် အဆောက်အအုံ ထဲ ဝင်သွား ပါတယ်။

ဒီအချိန်မှာ ကနေဒါ ဝန်ကြီးချုပ် စတီဗင် ဟာပါ က ကက်ဘိနက် အစည်းအဝေး ကျင်းပနေတာပါ။ ဘီဘီစီ သတင်းထောက် ရာဂျီနီ ဗေယဒ်နာသန် က သတင်းပေးပို့ လိုက်ရာမှာ အဖြစ်အပျက် ဟာ မြန်ဆန်လွန်းတဲ့ အတွက်၊ အငိုက်မိသလို ဖြစ်သွားကြောင်း ပြောပါတယ်။ ပါလီမန်ထဲ ပြေးဝင်သွားတဲ့ မသင်္ကာဘွယ်သေနတ်သမား နောက် ကို ပါလီမန် လုံခြုံရေး တပ်ဖွဲ့တွေ က လိုက်လံ ပစ်ခတ်ရာမှာ သေနတ်သမား ကိုလည်း အသေမိ ကြောင်း ရဲ က ပြောပါတယ်။

သေနတ်သံတွေ အော်ဟစ်သတိပေးသံတွေ ပါလီမန် အဆောက်အအုံထဲမှာ ညံသွားခဲ့ပါတယ်။ ကက်ဘိနက် အစည်းအဝေး ကျင်းပနေ တဲ့ ဝန်ကြီးချုပ် ကို တော့ ဘေးကင်းရာ ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ အိုတဝါ ရဲချုပ် ချာလ်စ်း ဘော်ဒဲလိုး က အခြေအနေ ကို ထိန်းချုပ်နေပြီ ဖြစ်ကြောင်း သတင်းထောက်တွေ ကို ပြောပါတယ်။

သူတို့ရဲ့ ဦးစားပေး အလုပ်ကတော့၊ ပြည်သူတွေ ဘေးအန္တရာယ် ကင်းရှင်းရေး နဲ့ လုံခြုံရေးပါပဲ။ ဒါကြောင့် လိုအပ်တဲ့ လုံခြုံရေး တပ်ဖွဲ့အင်အား လည်း တိုးမြှင့်ထားလိုက်ပါပြီ။ မြို့ခံ လူတွေ ရဲ့ လုံခြုံရေး ကို အာမခံနိုင်အောင်၊ အရေးယူ ဆောင်ရွက်စရာ တွေ ချမှတ် လိုက်ပါပြီ လို့ ပြောတာပါ။

အသေဖမ်းမိတဲ့ သေနတ်သမား ဟာ တကိုယ်တော် ပစ်ခတ်သွားတာလား၊ သူ့နောက် မှာ မသင်္ကာဖွယ် လူစု ရှိသေးလား ဆိုတာ ကို ဆက်လက် စုံစမ်း ရှာဖွေနေပါပြီ။ ပြီးခဲ့တဲ့ တနင်္လာ နေ့ကလည်း ကွိဘက် မှာ စစ်သား နှစ်ဦးကို ကားနဲ့ မောင်းတိုက်တဲ့ အမှု ဖြစ်ခဲ့ပါတယ်။

အိုတာဝါ မြို့ခံတွေ အနေနဲ့ တော့ အံ့သြ မိတဲ့ အကြောင်း၊ ကနေဒါ နိုင်ငံ ဟာ အခြားနိုင်ငံ တွေ နဲ့ နှိုင်းစာရင် အေးချမ်းတဲ့ အသွင်ဆောင်တဲ့ အတွက် ဒီလိုပစ်ခတ်မှု ကို ကြုံရမယ် လို့ မထင်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။ အခုတော့ ဝန်ကြီးချုပ် က လုံခြုံရေး အဆင့် ကို အနိမ့်ဆုံး အဆင့် မှ အလယ်အလတ် အဆင့် မြှင့်တင်ထားပါပြီ။