ဂျီဟတ်ဒစ်အန္တရာယ် အီဂျစ်ရင်ဆိုင်နေရ

  • 25 အောက်တိုဘာ 2014
Image caption ဆိုင်းနိုင်းက နေရာတချို့မှာ အရေးပေါ် အခြေအနေ ကြေညာထား

အီဂျစ်နိုင်ငံ ရေရှည်တည်တံခိုင်မြဲရေးအတွက် ဂျီဟတ်ဒစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ စစ်ပွဲတရပ် ကို ဆင်နွဲ တိုက်ခိုက်နေရပြီလို့ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖါတာ အဲဆီဆီက ပြောကြားခဲ့ပါတယ်။

ဆိုင်းနိုင်းကျွန်းဆွယ်မှာ ဂျီဟတ်ဒစ်တွေနဲ့ တိုက်ခိုက်မှုတွေ အတွင်း အီဂျစ်စစ်သား ၃၀ ကျော် သေဆုံးခဲ့ပြီးတဲ့ နောက် တရက် နိုင်ငံကို တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို မိန့်ခွန်းပြောချိန်မှာ သူဘေးမှာ စစ်တပ်က ထိပ်တန်းအရာရှိကြီးတွေ ရှိနေခဲ့ပါတယ်။

ပြင်ပ အင်အားစုတွေက အီဂျစ်နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြီးမားတဲ့ အစီအစဉ်တရပ်နဲ့ စီစဉ်ကြံစီနေတယ်လို့ အီဂျစ်သမ္မတက ပြောခဲ့ပါတယ်။

၁၀ စုနှစ်တွေအတွင်း အီဂျစ်စစ်တပ်ရဲ့ အကျအဆုံး အများဆုံး စစ်သားတွေ ကျဆုံးမှုအတွက် ဝမ်းနည်း ကြေကွဲမှု ကာလအဖြစ် ၃ ရက် သတ်မှတ်လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်က အစ္စလမ္မစ် သမ္မတ မိုဟာမက် မော်စီကို အီဂျစ် စစ်တပ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်မှာ အီဂျစ်စစ်သားတွေကို ဂျီဟတ်ဒစ်တွေရဲ့ တိုက်ခိုက်မှုတွေ တဖြေးဖြေး ပိုများလာခဲ့ပါတယ်။