ဗျူဟာကျ ဇူးမားမြို့ ကို ကဒ့်တွေ ပြန်သိမ်း

  • 25 အောက်တိုဘာ 2014
peshmerga_
Image caption ကဒ့်တပ်ဖွဲ့ဝင်များ

အီရတ် မြောက်ပိုင်း မှာ တပ်စွဲထားတဲ့ ကဒ့် တပ်ဖွဲ့ဝင်တွေ ဟာ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ တပ်တွေ သိမ်းပိုက် ထားတဲ့ စစ်ဆင်ရေး အရ ဗျူဟာကျတဲ့ ဇူးမား မြို့ ကို ပြန်လည် သိမ်းပိုက် နိင်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျုံးဆိုလီ က သတင်း ပေးပို့ လိုက်ပါတယ်။

အခုလို အိုင်အက်စ် တွေ လက်ထဲက နယ်မြေ တွေ ပြန်သိမ်းနိုင်အောင်လည်း အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့ တွေ က ပြီးခဲ့တဲ့ သောကြာ နေ့ ကတည်း က လေကြောင်း တိုက်ပွဲ တွေ နဲ့ ဆက်တိုက်လို စစ်ဆင်ထားတဲ့ အတွက် ဆီးရီးယား က ကိုဘာနီမြို့ မှာ ဆိုရင် အိုင်အက်စ် တပ် ရဲ့ အမြောက်တွေ ပျက်စီး ကုန် ပါတယ်။ ဇူးမား မြို့ ကို ပြန်လည်သိမ်းပိုက်နိုင် တဲ့ အတွက် ကဒ့်တပ်ဖွဲ့ အတွက် အရေးပါတဲ့ အောင်နိုင်မှု တရပ် ဖြစ်တာကို ဘီဘီစီ သတင်းထောက် နာဘီးလ် ကလည်း ပြောပါတယ်။

အကြောင်း ကတော့၊ ဇူးမားမြို့ ဟာ ဆီးရီးယား နဲ့ အီရတ် ဖက်ရှိ အိုင်အက်စ်တွေ ထိန်းချုပ်နယ်မြေ ကို ဆက်သွယ် ထားတဲ့ ဟိုင်းဝေး လမ်းမကြီး ပေါ်မှာ ရှိတဲ့ အတွက် ကဒ့် ပက်ရှ်မာဂါ တပ်တွေ အနေနဲ့ ဗျူဟာကျတဲ့ ဇူးမား ကို သိမ်းနိုင်ခြင်း အားဖြင့် အိုင်အက်စ်တွေ ရဲ့ လက်နက် နဲ့ ရိက္ခာ တင်ပို့ တဲ့ လမ်းကြောင်း ကို ပိတ်ဆို့နိုင်ပြီ ဖြစ်ကြောင်း ရှင်းပြ တာပါ။

ဒါ့အပြင် ဇူးမားမြို့ဟာ မိုဆူးလ် ရေကာတာ နဲ့ လည်း နီးတဲ့ အတွက်၊ အရေးပါ တဲ့ မြို့ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် ဂျင်မြူယာ ကလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ထဲက အိုင်အက်စ်တွေ လက်ထဲ ကျသွားလို့၊ အခုမှ မဟာမိတ် လေကြောင်းစစ်ကူမှု ကြောင့် ဇူးမား ရော၊ အနီးရှိ ရွာပေါင်း ၁၇ ရွာ ပါ ပြန် ရကြောင်း သိရပါတယ်။ ဒါပေမဲ့ ကဒ့် တပ်ဖွဲ့ဝင်တွေ အတွက်စစ်ချီရာမှာ အဟန့်အတား ဖြစ်နေတာ ကတော့ အိုင်အက်စ်တွေ ဟာ မြေမြုပ်ဗုံးတွေ ထောင်ချောက် တွေ ချထား လို့ သေကျေမှု တွေ လည်း အများအပြားရှိနေပါတယ်။